အသည်းရောဂါရှိသူများ နှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားလျှင် မပေါ့ဆသင့်
15-Jun-2017
နှာခေါင်းသွေးလျှံခြင်းဖြစ်သော အကြိမ်ရေများခြင်း၊ မကြာခဏဖြစ်ခြင်းနှင့် အသည်းရောဂါရှိသူများ အနေဖြင့် နှာခေါင်းသွေးလျှံလျှင် မပေါ့ဆသင့်ဘဲ ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန် ဒေါက်တာဝင်းထိုက်ကြည့်ထံမှ သိရသည်။
“နှာခေါင်းသွေးလျှံတာ ဒုက္ခမပေးတဲ့ အခြေအနေကနေ ဒုက္ခပေးတဲ့အခြေအနေတွေအထိ ရှိပါတယ်။ နှာခေါင်း သွေးလျှံတာ အကြိမ်ရေများတယ်။ ဒါ့အပြင် အသည်းရောဂါသည်တွေအနေနဲ့ နှာခေါင်းသွေးလျှံရင် မပေါ့ဆသင့်ပါဘူး။ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ သွေးလုံးက အရမ်းကြီးသွားရင် မျက်စိနောက်ကို ရောက်သွားတတ်ပြီး အသက်အန္တရာယ်ရှိပါတယ်” ဟု ဆရာက ရှင်းပြခဲ့သည်။
အသည်းရောဂါရှိသူများ နှာခေါင်းသွေးလျှံပါက ပေါ့ဆမနေသင့်ကြောင်းကို “အသည်းရောဂါဖြစ်နေတဲ့ လူနာတွေမှာ အသည်းက သွေးတိတ်စေတဲ့ ဓာတ်လုံးဝမထွက်တာ၊ ဒါမှမဟုတ် ထွက်ရင်လည်း နည်းနည်းပဲ ထွက်တာကြောင့် ခန္ဓာကိုယ်အတွက် မလုံလောက်ပါဘူး။ ဒီလိုလူတွေမှာ သွေးထွက်ပြီဆိုရင် တော်ရုံနဲ့ မတိတ်ဘူး။ တချို့မှာနှာခေါင်းသွေး နည်းနည်းပဲထွက်ပေမယ့် တချို့မှာ သွေးအများကြီး ထွက်တတ်တာကြောင့် ဂရုစိုက်သင့်ပါသည်။
ဘယ်လောက်တောင် ထွက်သလဲဆိုရင် ခန္ဓာကိုယ်ထဲမှာ ဖြူဖျော့သွားတဲ့အထိ ထွက်ပါတယ်။ ဒါကြောင့် အသည်းရောဂါအခံရှိသူတွေအနေနဲ့ နှာခေါင်းသွေးလျှံတာကို ပေါ့ဆလို့ မရပါဘူး” ဟု ဒေါက်တာဝင်းထိုက်ကြည်က သတိပေးပြောကြားခဲ့သည်။ နှာခေါင်းသွေးလျှံခြင်းက မတော်တဆ ထိခိုက်မိခြင်းကြောင့် မဟုတ်ဘဲ မကြာခဏဖြစ်နေလျှင် ရောဂါရှိ၊ မရှိရှာဖွေစစ်ဆေးရန် လိုအပ်ပါသည်။ နှာခေါင်းသွေးလျှံခြင်းအပြင် ခန္ဓာကိုယ် တခြားနေရာများတွင်ပါ သွေးထွက်ပြီး သွေးမတိတ်ပါက သွေးမတိတ်ရောဂါ၊ သွေးကင်ဆာရောဂါများ ဖြစ်နေနိုင်သောကြောင့် သတိပြုဆင်ခြင်ရန် လိုအပ်ကြောင်း ဒေါက်တာဝင်းထိုက်ကြည်က အသိပညာပေး ပြောကြားခဲ့သည်။
Credit:
Arogyam magazine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
