Print

အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါကို ဘယ်လို ကာကွယ်ကြမလဲ

  18-May-2026
Preview Image

အူရောင်ငန်းဖျား (တိုက်ဖွိုက်) ရောဂါကို ဘယ်လို ကာကွယ်ကြမလဲ

++++++++++++++++++++++++++++++++

အူရောင်ငန်းဖျားရောဂါသည် Salmonella Typhi (ဆယ်လ်မိုနယ်လာ တိုင်ဖီ ) နှင့် Salmonella Paratyphi (ဆယ်လ်မိုနယ်လာ ပါရာတိုင်ဖီ) ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသည့် အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အချိန်မီ မကုသပါက အသက်အန္တရာယ် ထိခိုက်နိုင်သည့် ရောဂါဖြစ်ပါသည်။ အဓိကအားဖြင့် မသန့်ရှင်းသော အစားအစာနှင့် ရေတို့မှတစ်ဆင့် ကူးစက်တတ်ပါသည်။


ဘယ်လိုကာကွယ်နိုင်လဲ


အူရောင်ငန်းဖျားရောဂါကို ကာကွယ်ရန်အတွက် နည်းလမ်းမှာ ကာကွယ်ဆေးထိုးခြင်း ဖြစ်ပါသည်။ သင်သည် တိုက်ဖွိုက်ရောဂါ အဖြစ်များသောဒေသတွင် နေထိုင်သူဖြစ်စေ၊ ထိုကဲ့သို့သော ဒေသများသို့ ခရီးသွားရန် အစီအစဉ်ရှိသူဖြစ်စေ ကာကွယ်ဆေး ကြိုတင်ထိုးနှံထားသင့်ပါသည်။ အူရောင်ငန်းဖျားရောဂါ အတွက် ကာကွယ်ဆေးများသည် ထိုးဆေး (သို့မဟုတ်) သောက်ဆေး အမျိုးအစားများ ရှိပါသည်။

ကာကွယ်ဆေးသည် ရောဂါကို အပြည့်အဝ မတားဆီးနိုင်သဖြင့် အောက်ပါအချက်များကို တိကျစွာ လိုက်နာရန် လိုအပ်သည် -

• လက်ကို စင်ကြယ်အောင် ဆေးပါ - အစာမစားမီ၊ အစာမပြင်ဆင်မီနှင့် အိမ်သာတက်ပြီးတိုင်း ဆပ်ပြာနှင့် ရေကိုသုံး၍ အနည်းဆုံး စက္ကန့် ၃၀ ကြာအောင် လက်ကို စနစ်တကျ ဆေးကြောပါ။ ရေနှင့်ဆပ်ပြာ မရှိပါက အယ်လ်ကိုဟောပါဝင်သော လက်သန့်ဆေးရည် (Hand Sanitizer) ကို အသုံးပြုပါ။

• သန့်ရှင်းသောရေကိုသာ သောက်ပါ - တိုက်ဖွိုက်ရောဂါ အဖြစ်များသောနေရာများတွင် သောက်ရေ၌ ဘက်တီးရီးယားများ ပါဝင်နေတတ်သည်။ ထို့ကြောင့် ရေသန့်ပုလင်း၊ ဘူးသွင်းအချိုရည် သို့မဟုတ် အပူပေးထားသော လက်ဖက်ရည်၊ ကော်ဖီတို့ကိုသာ သောက်ပါ။ ရေခဲထည့်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ သွားတိုက်ရာတွင်လည်း ရေသန့်ကိုသာ သုံးစွဲပါ။

• အစိမ်းစားခြင်းကို ရှောင်ပါ - လတ်ဆတ်သော သစ်သီးဝလံများကို အခွံခွာ၍ စားပါ။ ဟင်းသီးဟင်းရွက်မ နှင့် အသား ၊ ငါးများကို သေချာစွာ ကျက်အောင် ချက်စားပါ။

• ပူပူနွေးနွေး စားသုံးပါ - သေချာချက်ပြုတ်ထားသော အငွေ့တထောင်းထောင်း ထနေသည့် အစားအစာများကိုသာ ရွေးချယ်စားသုံးပါ။

အခြားသူများသို့ ရောဂါမကူးစက်စေရန်

အကယ်၍ သင်သည် အူရောင်ငန်းဖျားရောဂါ ဖြစ်ပွားနေသူ သို့မဟုတ် နာလန်ထစ သူ ဖြစ်ပါက အခြားသူများထံ ရောဂါမပြန့်ပွားစေရန် အောက်ပါတို့ကို လိုက်နာပါ -

• ဆေးပတ်လည်အောင် သောက်ပါ - ဆရာဝန် ညွှန်ကြားထားသည့်အတိုင်း ပဋိဇီဝဆေးများကို တိတိကျကျ သောက်သုံးပါ။ ရောဂါသက်သာသွားသော်လည်း ဆေးညွှန်းအတိုင်း ဆေးကုန်သည်အထိ သောက်ရန် အရေးကြီးပါသည်။

• အစားအစာ ကိုင်တွယ်ခြင်းကို ရှောင်ပါ - ရောဂါပိုး လုံးဝကင်းစင်သွားပြီဟု ဆရာဝန်က အတည်မပြုမချင်း အခြားသူများအတွက် အစားအစာ ပြင်ဆင်ချက်ပြုတ်ခြင်း မပြုလုပ်ပါနှင့်။

7887 Healthcare

Ref : Mayo clinic


#seveneighteightseven

#HT_Info

#7887healthcare

#7887callcenter 



Related Articles


Advertisment 18