Print

နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy)

  25-Mar-2022
Preview Image

နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy) ကာလကြာရှည်ဖြစ်ပွားသော အာရုံကြောစနစ်မူမမှန်မှုဖြစ်ပြီး လူ၂၀၀၀ တွင် ၁ယောက်နှုန်းဖြစ်ပွားသည့် ရှားပါးသောရောဂါတစ်မျိုးဖြစ်သည်။ နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy)၏ ရောဂါလက္ခဏာများသည် အသက် ၁၀နှစ်မှ ၂၅ နှစ်အတွင်း စတင်ဖြစ်ပေါ်နိုင်ပြီး များသောအားဖြင့် ရောဂါဖြစ်နေကြောင်း ချက်ချင်းသတိမပြုမိတတ်ကြ။

နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy) တွင်နေ့အချိန်အတွင်းသိသိသာသာ အိပ်ငိုက်ခြင်း၊ အိပ်ပျော်ခြင်းများပါဝင်သည်။ များသောအားဖြင့် Cataplexy ဟုခေါ်သော ကာလတိုကြွက်သားထိန်းချုပ်မှုလျော့နည်းသွားသော အခြေအနေနှင့်တွဲ၍ ဖြစ်ပေါ်တတ်သည်။ နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy) သည် သေစေနိုင်သောရောဂါမဟုတ်သော်လည်း ရောဂါကြောင့် မတော်တဆဖြစ်မှုများ၊ ဒဏ်ရာအနာတရများဖြစ်ပွားလာနိုင်သည်။

အိပ်စက်ခြင်းဆိုင်ရာကျွမ်းကျင်သူများက နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy)၏ ရောဂါလက္ခဏာများသည် လျှင်မြန်သောမျက်လုံးလှုပ်ရှားမှုရှိသည့်အိပ်စက်ခြင်းအဆင့်(Rapid Eye Movements-REM) မူမမှန်ခြင်းကြောင့့်ဖြစ်ပွားသည်ဟုဆိုကြသည်။ဖြစ်ပွားတတ်သောအချိန်အပိုင်းအခြားနှင့် ရောဂါလက္ခဏာပြင်းထန်မှုကတော့ လူတစ်ဦးခြင်းဆီနှင့်လိုက်ပြီးကွာခြားတတ်သည်။ တွေ့ရများသောလက္ခဏာများမှာ-

·         နေ့အချိန်တွင်သိသိသာသာအိပ်ငိုက်ခြင်း

·         ကြွက်သားထိန်းချုပ်မှုလျော့နည်းခြင်း(Cataplexy)

·         အိပ်ပျော်နေစဉ် ထင်ယောင်ထင်မှားဖြစ်ခြင်း (Hallucination)

·         အိပ်ပျော်နေစဉ်ကြွက်သားတောင့်တင်းခြင်း(sleep paralysis) စသည်တို့ဖြစ်ကြသည်။

နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy)သည်အခြားသောအိပ်စက်ခြင်းမူမမှန်မှုများဖြစ်သည့် အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း(Obstructive sleep apnea),အိပ်ပျော်နေစဉ်လှုပ်ရှားမှုများခြင်း(Restless Leg Syndrome)၊ ညအိပ်မပျော်ခြင်း (Insomnia) စသည်တို့နှင့်တွဲ၍ဖြစ်ပေါ်တတ်သည်။

နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy) ဖြစ်ရခြင်းအကြောင်းအရင်းကို အတိအကျမသိရသေးသော်လည်း ဝေဒနာခံစားနေရသူများတွင် အိပ်စက်ခြင်းစက်ဝန်းကို ထိန်းညှိပေးသော Hypocretin ဟုခေါ်သည့် ပရိုတင်းတစ်မျိုးလျော့နည်းနေသည်ကိုတွေ့ရှိရသည်။

Hypocretin လျော့နည်းရခြင်းအကြောင်းအရင်းများစွာရှိသည်။မွေးရာပါမျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့်ဖြစ်နိုင်သလို စိတ်ဖိစီးမှုများ အဆိပ်သင့်သောအရာများနှင်ထိတွေ့မိခြင်း ရောဂါပိုးကူးစက်ခံရခြင်းစသည်တို့ကြောင့်လည်းဖြစ်ပွားနိုင်သည်။

အကယ်၍မိမိတွင်နေ့အချိန်အိပ်ငိုက်ခြင်းနှင့် အခြားသောရောဂါလက္ခဏာများရှိနေသည်ဆိုပါက ဆရာဝန်နှင့်သွားရောက်ပြသသင့်သည်။နေ့အချိန်အိပ်ငိုက်ခြင်းသည် အခြားသောအိပ်စက်ခြင်းဆိုင်ရာ ပြသနာများတွင်လည်း နေ့အချိန်အိပ်ပျော်ခြင်းများရှိနေနိုင်သောကြောင့် အခြားသောစမ်းသပ်စစ်ဆေးမှုများပြုလုပ်ရန်လိုအပ်သည်။

အိပ်စက်ခြင်းကို စမ်းသပ်သော တိုင်းတာမှုများမှာ

·         မေးခွန်းများဖြင့်စမ်းသပ်စစ်ဆေးသော Epworth Sleepiness Scale(ESS)

·         နေ့စဉ်အိပ်စက်မှုဖြစ်စဉ်ကို မှတ်သားပေးသော နာရီကဲ့သို့သော ပစ္စည်းကလေးနှင့်တွဲသုံးရသော Actigraph

·         ဆေးသုတေသနဌာနများတွင်သာတိုင်းတာ၍ရနိုင်သော Polysomnogram(PSG)

·         Multiple Sleep Latency Test(MSLT)

·         Hypocretin ပမာဏကို စမ်းသပ်စစ်ဆေးရန် Spinal Tap စသည်တို့ဖြစ်သည်။

နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy) ကိုပျောက်ကင်းအောင်မကုသနိုင်ပါ။ ကုသမှုများသည် ရောဂါလက္ခဏာကို ထိန်းချုပ်ရန်နှင့် နေ့အချိန်အတွင်း လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်သည်။ကုသမှုများတွင် စိတ်ကိုလှုှုံ့ဆော်ပေးသောဆေးများ(Stimulants) နေထိုင်မှုပုံစံပြောင်းလဲခြင်းများ၊ မတော်တဆဖြစ်နိုင်သောအခြေအနေများကိုရှောင်ရှားခြင်းစသည်တို့ပါဝင်သည်။

နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy) အတွက်အသုံးပြုကြသောဆေးဝါးများမှာ

·         Armodafinil (Nuvigil), Modifinil (Provigil) စသော နိုးကြားတက်ကြွစေသောဆေးများ(Stimulants)

·         ကြွက်သားထိန်းချုပ်မှုလျော့နည်းခြင်း(Cataplexy) အိပ်ပျော်နေစဉ် ထင်ယောင်ထင်မှားဖြစ်ခြင်း (Hallucination) အိပ်ပျော်နေစဉ်ကြွက်သားတောင့်တင်းခြင်း(sleep paralysis) စသည်တို့ကိုလျော့ချနိုင်ရန်အတွက် Tricyclic Antidepressants များ

·         Serotonin-norepinephrine reuptake inhibitors (SNRIs)

·         Selective serotonin reuptake inhibitors (SSRIs) စသည်တို့ပါဝင်သည်။

နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy) ရောဂါရှိသူများအနေဖြင့်် မလိုလားအပ်သောအထင်လွဲမှားမှုများမဖြစ်စေရန် မိမိဆရာ သို့မဟုတ်အထက်လူကြီးကို ရောဂါခံစားနေရကြောင်းပြောပြထားသင့်သည်။

နေ့အချိန်တွင် အိပ်ငိုက်ခြင်း(Narcolepsy)တွင်သုံးသောဆေးဝါးများတွင် ဆေးစစ်ရတွင်ပေါ်နိုင်သော စိတ်ကိုနှိှုးစွပေးသောဆေးဝါးများပါဝင်သောကြောင့် ဆေးစစ်မှုမပြုလုပ်ခင်ကြိုတင်အသိပေးထားသင့်သည်။

နေ့အချိန်အတွင်း ဟင်းသီးဟင်းရွက်ကိုအဓိကထားသော ပေါ့ပေါ့ပါးပါးအစာများကို ရွေးခြယ်စားသုံးသင့်သည်။

နေ့လည်စားစားပြီးနောက် ၁၀ မိနစ်၁၅ မိနစ်ခန့်မှေးစက်သင့်သည်။

အိပ်စက်မှုကို အချိန်ဇယားထား၍လုပ်ဆောင်သင့်သည်။

အရက် ဆေးလိပ်သောက်သုံးရန်မသင့်။

လေ့ကျင့်ခန်းပုံမှန်လုပ်၍ ကိုယ်အလေးချိန်ကိုရှိသင့်သောပမာဏတွင်ထိန်းသိမ်းထားသင့်သည်။


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, Telenor မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

Dr. Aung

Ref: healthline.com



Related Articles


Advertisment 18