Print

ကိုယ်ဝန်ဆောင်မိခင်လောင်းများ ဗီတာမင်ချို့တဲ့ခြင်းကြောင့် သန္ဓေသားကို ထ...

  06-Apr-2021
Preview Image

ကိုယ်ဝန်ဆောင်မိခင်များသည် ဗီတာမင်များကို မည်သို့စားသုံးသင့်ပါသလဲ။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံးသည့် ဗီတာမင်ဆေးများသည် သန္ဓေသားကို အန္တရာယ်ပေးနိုင်ပါသလား။

ကိုယ်ဝန်ဆောင်မိခင် ဗီတာမင်ချို့တဲ့မှုကြောင့် သန္ဓေသားကို ထိခိုက်နိုင်ပါသည်။ ဥပမာ - ကိုယ်ဝန်ရှိစအချိန်တွင် ဖောလစ်အက်ဆစ် (folic acid) ချို့တဲ့မှုကြောင့် သန္ဓေသား၏ ဦးခွံရိုး၊ ဦးနှောက်၊ ကျောရိုးမကြီးနှင့် ကျောရိုးအတွင်းရှိ အာရုံကြောမ ကြီးများတွင် မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမှု (neural tube defects) များ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် သားသမီးယူမည့် အိမ်ထောင်ရှင် အမျိုးသမီးတိုင်း ဖောလစ် အက်ဆစ် ကြွယ်ဝသည့် အစားအစာများကို စားသုံးသင့်ပါသည်။ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမှုများသည် ကိုယ်ဝန်ပထမ (၃) လအတွင်း၌ စတင်ဖြစ်လေ့ရှိ သဖြင့် ဖောလစ်အက်ဆစ်ကို ကိုယ်ဝန်ရှိစအချိန်မှာပင် စတင်၍ (ပို၍ စိတ်ချရစေရန် ကိုယ်ဝန်မရှိမီကြိုတင်၍) သောက်ထားသင့်ပါသည်။

ပထမကလေးတစ်ယောက်တွင် မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမှု (neural tube defects) များ မွေးဖူးသည့် မိခင်တစ်ယောက်သည် သာမန် အမျိုးသမီးများထက် ဗီတာမင် များကို ပို၍လိုအပ်ပါသည်။ မိမိအတွက်ရော သန္ဓေသားအတွက်ပါ စားသုံးရမည်ဟု လွယ်လွယ်မှတ်ထားနိုင်ပါသည်။ “တန်လျှင်ဆေး လွန်လျှင်ဘေး” ဆိုသည့် စကားအတိုင်း ပင် ကိုယ်ဝန်ဆောင်မိခင်လောင်းများ စားသုံးသည့် ဗီတာမင်ဆေးများသည် လိုအပ်သည် ထက် အဆများစွာ လွန်ကဲလာပါက သန္ဓေသားကို အန္တရာယ်ပေးနိုင်ပါတယ်။

ဥပမာ - ကိုယ်ဝန်ဆောင်မိခင်အား ကိုယ်ဝန်ပထမ (၃) လအတွင်း ဗီတာမင်အေဆေးကို လွန်ကဲစွာပေးခဲ့ပါက သန္ဓေသားကို အန္တရာယ်ပေးနိုင်ပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ကလေးများဗီတာမင်အေချို့တဲ့မှု ကာကွယ်ရေးအတွက် တိုက်ကျွေးနေသည့် တစ်လုံးလျှင် ဗီတာမင်အေ ယူနစ်တစ်သိန်းနှင့် ယူနစ်နှစ်သိန်း အသီးသီးပါဝင်သော အင်အားပြည့် ဗီတာမင်အေ ဆေးလုံးများကို ကိုယ်ဝန်ဆောင် သည်များအား မတိုက်ကျွေးမိစေရန် သတိပေးတားမြစ်ထားပါသည်။ ကိုယ်ဝန်ဆောင် မိခင်သည် နေ့စဉ် ဗီတာမင်အေ အားဆေးမှီဝဲပါက တစ်နေ့လျှင် ဗီတာမင်အေ ယူနစ်တစ်သောင်း (၃၀၀၀ မိုက်ခရိုဂရမ် RE ) ထက် ပို၍မစားသင့်ပေ။

 

Credit: ဒေါက်တာလှကြည်(အာဟာရဆရာဝန်ကြီး)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18