အသည်းခြောက်ရောဂါရှင်များအတွက် အာဟာရကုထုံး
24-Jan-2020
အသည်းခြောက်၊ ရေဖျဉ်းစွဲရောဂါသည် အသည်းရောဂါ အတော်များများ၏ နောက်ဆက်တွဲ
ရောဂါတစ်ခုအဖြစ် သိရှိထားပြီး ဖြစ်ပါသည်။အသည်းရောင်“ဘီ”ပိုးရောဂါ၊
အသည်းရောင်“စီ”ပိုးရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ အသည်းကြီးရောဂါ စသည်တို့သည်
နောက်ဆုံးအဆင့်တွင်တော့ အသည်းခြောက်ရောဂါ အဆုံးသတ်ရလေ့ရှိပါသည်။ အသည်းခြောက် ရောဂါတို့သည်
တစ်နည်းအားဖြင့် နာတာရှည် အစာငတ်ရောဂါ (Prolonged fasting and stervation )
နှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ Glycogen Store များ လျော့နည်းလာခြင်း၊
ကာဗိုဟိုက်ဒြိတ်ကို ခံနိုင်ရည်မရှိခြင်း၊ အောက်ဆီဂျင်ဖြင့် အာဟာရချေဖျက်မှု (energy
metabolism) ချို့ယွင်းချက်တို့သည် အာဟာရချို့တဲ့မှု၏ အခြေခံအချက်များ ဖြစ်ပါသည်။
ကာဗိုဟိုက်ဒြိတ်မှ လိုအပ်သောစွမ်းအင်ကို မရနိုင်သောအခါ Lipolysis ခေါ် အဆီပြင်များ
ဖြိုခွဲကာ စွမ်းအင်ထုတ်ယူရတော့သည်။ စွမ်းအင်သုံးစွဲမှုနှုန်းမှာ ပိုများလာပြီး
Protein breakdown ခေါ်ကြွက်သားစုများပါ ထိခိုက်သောအခါ လူနာမှာ အသားအရေများ
ယုတ်လျော့ပိန်ချုံးကာ အာဟာရချို့တဲ့မှုဒဏ်ကို သိသိသာသာ ခံစားရတတ်ပါသည်။
အသည်းခြောက်ရောဂါရှင် အများစုမှာ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်းတို့ကြောင့်
မစားနိုင်မသောက်နိုင် ဖြစ်ရသည့်အပြင် ပန်ကရိယနှင့် သည်းခြေအား ယုတ်လျော့မှုနှင့်
အူမကြီး၊ အူသိမ်များ ရောင်ရမ်းနေမှုကြောင့် စားသမျှ အာဟာရကို မစုပ်ယူနိုင်
ဖြစ်နေရသည်။ အားမပါသော အာဟာရများကလည်း ဘယ်လိုမှခံတွင်းမတွေ့နိုင်တော့အခါ
နဂိုကတည်းက အစာစားမှုလျော့လာသည်။ ထို့အပြင် ဝမ်းမှန်မှန်သွားစေရန် အသုံးပြုသော
ဝမ်းပျော့ဆေး၊ ပိုးသတ်ဆေးများကြောင့် အစာချေဖျက်မှု ပိုမိုထိခိုက်လာသည်။ မကြာခဏ
ရေဖျဉ်းများဖောက်ထုတ်ပေးရခြင်း၊ သွေးအန်ခြင်း၊ ကယောင်ကတမ်းဖြစ်ကာ
သတိလစ်ခြင်းများကြောင့် အစာမစားနိုင် ဖြစ်နေရတတ်ပါသည်။ Stress ကလည်း အစာအာဟာရ
ချို့တဲ့ခြင်း၏ အဓိကအကြောင်းရင်းအဖြစ် ဆက်သွယ်နေပါသေးသည်။ အသည်းခြောက်သူများတွင်
ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ စသည်ဖြင့် ပြည့်စုံအောင် ထည့်သွင်း စားသောက်ပေးဖို့
လိုပါသည်။ Multivitamin ဆေးများကလည်း လိုအပ်သော ဗီတာမင်
ဓာတ်များ ပြည့်ဝစွာ ပါဝင်နိုင်ပါသည်။ ထို့အပြင် Calcium, Magnesium, ကော့ပါး၊
မင်ဂနိ၊ ခရိုမီယံ စသည်ဖြင့် သတ္တုဓာတ်များကလည်း ပါဝင်ရဦးမည်။ နာတာရှည်
ရောဂါရှင်အတွက်ပိုပြီး ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ အာဟာရကုထုံးများနှင့်
တွဲဖက်လုပ်ဆောင်သင့်သည်မှာ ရေဖျဉ်းများ ကုသပေးခြင်းနှင့် sepsis ခေါ် ပိုးမွှားဆိပ်တက်ခြင်းကိုလည်း
မဖြစ်မနေ ကုသပေးခြင်းဖြင့် energy ဆုံးရှုံးမှုကို လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။
အာဟာရစုပ်ယူရရှိမှု အားနည်းသည့်အတွက် Pancreatic enzymes များနှင့် Bile salt
များကိုလည်း ပြန်လည် ဖြည့်ဆည်းပေးရပါမည်။ BCAA ခေါ် Branched chain amino acid
များကလည်း လိုအပ်သော ပရိုတင်းများ ထုတ်လုပ်နိုင်ရန် မရှိမဖြစ် ကုန်ကြမ်းများ
ဖြစ်ပါသည်။
Credit : ပါမောက္ခဒေါက်တာဦးဝင်းနိုင်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
