ရေတိမ် (Glaucoma)
01-Mar-2017
ရေတိမ်သည် အမြင်အာရုံကြောကို ပျက်စီးစေသောရောဂါအခြေအနေတမျိုးဖြစ်သည်။ အမြင်အာရုံကြောသည် လူတယောက်မြင်သည့် ပုံရိပ်များကို ဦးနှောက်သို့ပို့ပေးပြီး မြင်သည်ဆိုသော အာရုံကိုဖြစ်စေသည်။ မျက်စိတွင်းဖိအား များလာသောအခါတွင် အမြင်အာရုံကြောကိုဖိမိသည်။
မျက်ကြည်လွှာနှင့် မှန်ဘီလူးကြားတွင် အရည်ကြည်ရှိသည်။ ထိုအရည်ကြည်သည် မျက်စိ၏လုံးဝန်းသောအသွင်ကို ထိန်းပေးခြင်း၊ မျက်စိတစ်ရှူးများကို အားဖြည့်ပေးခြင်း၊ မျက်စိထဲ ပိုးမဝင်အောင်ပြုလုပ်ပေးခြင်းစသည်တို့ကို လုပ်ပေးသည်။ အရည်ကြည်ထုတ်လုပ်မှုများခြင်း (သို့) အရည်ကြည်စီးဆင်းမှုလမ်းကြောင်း ပိတ်သောအခါတွင် မျက်စိတွင်းဖိအားများလာပြီး အမြင်အာရုံကြောကို ဖိမိသည်။ အမြင်အာရုံကြောကို ထိခိုက်စေသော အခြားအကြောင်းအရင်းများမှာ မျက်စိကို ထိခိုက်မိခြင်း၊ မျက်စိရောင်မှုပြင်းထန်ခြင်း၊ မျက်စိတွင်း သွေးကြောများပိတ်ခြင်းစသည်တို့ ဖြစ်သည်။ ရေတိမ်သည် မျိုးရိုးလိုက်သည်ဟုလည်း လေ့လာမှုများအရသိရသည်။
ရေတိမ်အမျိုးအစားများမှာ-
၁။ Open-angle glaucoma (စီးဆင်းမှုလမ်းကြောင်းမပိတ်သည့် ရေတိမ်)
- အဖြစ်အများဆုံးဖြစ်ပြီး မြင်ကွင်းတွင် အကွက်များမြင်နေခြင်း
- ရောဂါအဆင့်ဆိုးလျှင် ဘေးနှစ်ဖက်ကိုမမြင်နိုင်တော့ဘဲ အလယ်ကိုမြင်ခြင်း (Tunnel vision)
ဤအမျိုးအစားသည် ရောဂါလက္ခဏာပြလေ့မရှိသည့်အတွက် ရောဂါသိသည့်အချိန် နောက်ကျတတ်လေ့ရှိသည်။ အဆိုးဆုံးအခြေအနေအရ လုံးဝမမြင်ချိန်မှ ရောဂါရှိမှန်းသိကြသည်။
၂။ Angle-closure glaucoma (စီးဆင်းမှုလမ်းကြောင်းပိတ်သည့် ရေတိမ်)
- လမ်းကြောင်းပိတ်သည့်အလျောက် မျက်စိတွင်းဖိအားများလာသည်။
- ရုတ်တရက်ဖြစ်သည့် အခြေအနေ (Acute condition) နှင့် အချိန်ကြာမြင့်သည့် အခြေအနေ (Chronic condition) ဟူ၍ နှစ်မျိုးရှိသည်။
- Acute Angle-closure glaucoma တွင် ခေါင်းပြင်းထန်စွာကိုက်ခြင်း၊ မျက်လုံးနာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အမြင်ဝေဝါးလာခြင်း၊ အလင်းကို ကြည့်လျှင် အဝိုင်းများမြင်ခြင်း၊ မျက်စိနီရဲလာခြင်းတို့ ဖြစ်နိုင်သည်။ ဤအခြေအနေသည် မျက်စိအထူးကုနှင့် အမြန်ဆုံးပြသရန်လိုအပ်သည်။
- မကုသဘဲထားပါက မျက်စိကွယ်သည်အထိဖြစ်နို်င်သည်။
၃။ Normal-tension glaucoma (ပုံမှန်ဖိအားရှိသော ရေတိမ်)
- မျက်စိတွင်းဖိအားပုံမှန်ဆိုသော်လည်း သွေးကြောတွင် အဆီများစုနေခြင်း (Atherosclerosis) ကြောင့် အမြင်အာရုံကြောကို သွေးရောက်ရှိမှုနည်းသောကြောင့်အာရုံကြောပျက်စီးနိုင်သည်။
ရေတိမ်သည် ကလေးငယ်များတွင်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် အမြင်မှုန်ခြင်း၊ဝေဝါးခြင်းဖြစ်လျှင် မျက်စိဆရာဝန်နှင့် ပြသသင့်သည်။ ရေတိမ်ရောဂါကို သိချိန်နောက်ကျလေ့ရှိသည့်အတွက် အသက်၄ဝကျော်သူများ၊ မျိုးရိုးတွင် ရောဂါရှိသူများနှင့် ဆီးချိုရောဂါရှိသူူများသည် မျက်စိဆရာဝန်နှင့် ၁ နှစ်တကြိမ် စစ်ဆေးသင့်သည်။
ရေတိမ်ကို ကုသရာတွင် အရေးကြီးသည်မှာ မျက်စိတွင်းဖိအားကို လျှော့ချရန်ဖြစ်သည်။ ရောဂါအဆင့်နိမ့်သည့်အချိန်တွင် မျက်စဉ်းဆေးများ၊ သောက်ဆေးများဖြင့် ကုနိုင်သည်။ မသက်သာပါက လေဆာဖြင့် ခွဲစိတ်ခြင်း၊ မျက်စိခွဲစိတ်ခြင်းများပြုလုပ်ရမည်။
Credit :
Dr.Jink
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
