ဘီယာနဲ့ဝိုင်ဟာ အရက်လား
01-Mar-2017
လူတွေသောက်တဲ့ အရက်ဟာ ethanol ပါ။ အရက်ပြန်ကတော့ methanol ပါ။ ဘီယာနဲ့ဝိုင်ဟာ အရက်လားလို့ မေးလာလျှင်တော့ 'ဟုတ်တယ်' လို့ဖြေပါရစေ။
အရက်အမျိုးအစားတွေကို ဘီယာ၊ ဝိုင်နဲ့ ပေါင်းခံအရက်ဆိုပြီး အုပ်စု ၃မျိုး ခွဲလို့ရတယ်။ ဘီယာမှာ အရက်ပါဝင်နှုန်း ၄ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းထိပါဝင်ပြီး ဝိုင်မှာတော့ ၉ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းထိပါဝင်နိုင်တယ်။
ပေါင်းခံအရက်တွေကတော့ အရက်ပါဝင်နှုန်း ၃၅ ရာခိုင်နှုန်းအထက် ပါဝင်တယ်။ ဘီယာကို Grains (အစေ့အဆန်၊ စပါးအမျိုးမျိုး)က ချက်လုပ်ပြီး ဝိုင်ကတော့ အသီးတွေကနေ ချက်လုပ်တာများတယ်။
ဘီယာနဲ့ဝိုင်ကို သောက်ရင် မူးလားဆိုလျှင်တော့ 'ဟုတ်ကဲ့။ မူးပါတယ်'။ 'မမူးဘူး' လို့ဖြေတဲ့လူတွေကတော့ မူးတာကို လက်မခံချင်တာ သို့မဟုတ် လိမ်တာဖြစ်နိုင်သလို သောက်တဲ့ပမာဏနည်းတာ၊ သောက်တဲ့အချိန်ကြာမြင့်နေတာ၊ မသောက်ခင် အစာအများကြီးစားထားတာ၊ ကိုယ်အလေးချိန် စတဲ့အချက်တွေပေါ်မှာ မူတည်နေတယ်။ ဘီယာနဲ့ ဝိုင်ကို ဆေးတွေနဲ့ ရောသောက်တာမျိုးမလုပ်ရပါဘူး။ ပိုးသတ်ဆေးအချို့နဲ့ ရောသောက်မိရင်တော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေတယ်။
အရက်မူးရင် ခံစားရတာတွေဟာ သွေးတွင်းအရက်ပမာဏနဲ့ သက်ဆိုင်ပြီး အဆင့် ၆ဆင့် ခွဲခြားနိုင်တယ်။
၁။ ပျော်သောအဆင့်
- စကားများခြင်း၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာခြင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းလာခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ မျက်နှာနီရဲလာခြင်း။
၂။ စိတ်လှုပ်ရှားသောအဆင့်
- အာရုံခံစားနိုင်မှုများ လျော့နည်းလာခြင်း၊ ပုံမမှန်သော အပြုအမူများ ပြုလုပ်ခြင်း၊ ငိုက်မျဉ်းလာခြင်း၊ ဆုံးဖြတ်နိုင်စွမ်းလျော့နည်းခြင်းနှင့် တုံ့ပြန်ချိန်ကြာမြင့်ခြင်း။
၃။ စိတ်ရှုပ်ထွေးသောအဆင့်
- ပို၍ ခံစားလွယ်ခြင်း၊ လမ်းကောင်းကောင်း မလျှောက်နိုင်ခြင်း၊ အမြင်များ ဝေဝါးလာခြင်း၊ အာလေး လျှာလေးဖြစ်ခြင်း၊ နာကျင်မှုကိုမသိဘဲ ထုံသွားခြင်း။
၄။ ထိုင်းမှိုင်းသော အဆင့်
- မထနိုင်၊ လမ်းမလျှောက်နို်င်ခြင်း၊ အန်ခြင်း၊ တုံ့ပြန်မှု လျော့နည်းလာခြင်း၊ ခံစားမှုကင်းမဲ့ပြီး ထုံနေခြင်း၊ သတိမေ့နိုင်ချေရှိခြင်း။
၅။ သတိမေ့သောအဆင့်
- သတိမေ့ခြင်း၊ ကိုယ်အပူချိန်ကျလာခြင်း၊ နှလုံးခုန်နှေးလာခြင်း၊ အသက်ရှုနှေးလာခြင်း၊ ရုတ်တရက်သေဆုံးနိုင်ချေရှိခြင်း။
၆။ သေဆုံးခြင်း
အထက်ပါအဆင့်တွေဟာ အရက်သောက်တဲ့အချိန်မှာ လတ်တလောခံစားရတာတွေပါ။ အရက်ကို ရေရှည်သောက်သုံးရင်တော့ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်တယ်။ အရက်ကြောင့် ကျန်းမာရေးထိခိုက်စေတဲ့အကြောင်းကိုတော့ နောက်ပိုင်းမှာဆက်ဖော်ပြပေးပါမယ်။
Credit:
Dr.Jink
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
