Print

Bacterial Vaginosis (မိန်းမကိုယ် ပိုးဝင်ခြင်း)

  15-Jul-2018
Preview Image

ပုံမှန်အားဖြင့် မိန်းမကိုယ်အတွင်းရှိ lactobacilli ဘတ်တီးရီးယားများသည် Lactic acid ထုတ်ပေးပြီး မိန်းမကိုယ်အတွင်းသို့ ပြင်ပမှ ဘတ်တီးရီးယားများ ဝင်ရောက်ပေါက်ဖွားခြင်းကိုု ကာကွယ်ပေးသည်။ ရောဂါကာကွယ်ပေးသော ဘတ်တီးရီးယားများ အကြောင်းတမျိုးမျိုးကြောင့် လျော့နည်း သေဆုံးသွားပါက ပြင်ပမှ ရောဂါပိုးများဝင်လာပြီး Bacterial vaginosis ဖြစ်နိုင်သည်။

လက္ခဏာများ

အများအားဖြင့် အမျိုးသားနှင့် အတူနေပြီးချိန်တွင် မိန်းမကိုယ်မှ ငါးညှီနံ့ရှိသော အဖြူများဆင်း တတ်သည်။ ရောဂါဖြစ်သော အမျိုးသမီး တဝက်ခန့်တွင် ရောဂါလက္ခဏာများ ပြလေ့မရှိပေ။

ဖြစ်ပွားရသော အကြောင်းရင်းများ

အဓိကအားဖြင့် မိန်းမကိုယ်တွင်းရှိ Lactobacilli ဘတ်တီးရီးယားများ လျော့နည်းသွားခြင်းကြောင့် ပြင်ပမှ ဘတ်တီးရီးယားပိုးများ ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်။

ဖြစ်နိုင်ချေများသူများ

- အမျိုးသားများစွာနှင့် အတူနေ(လိင်ဆက်ဆံ)သူများ၊ 

- သားအိမ်အတွင်း သန္ဓေတားပစ္စည်း ထည့်ထားသူများ၊ 

- မိန်းမကိုယ်ကို ဆပ်ပြာ၊ PH care နှင့် အမွှေးနံ့ပါသော ပစ္စည်းများနှင့် ဆေးကြောသူများ

- ဆေးလိပ်သောက်သူများနှင့် 

- လူမည်းအမျိုးသမီးများတွင် အဖြစ်များသည်။

နောက်ဆက်တွဲ ပြဿနာများ

- ကိုယ်ဝန်ဆောင်ချိန်တွင် မိန်းမကိုယ်ပိုးဝင်ပါက ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့မီ မွေးဖွားခြင်း၊ ရေမွှာရည်အတွင်းသို့ ပိုးဝင်ခြင်း၊ ကလေးမွေးပြီးချိန်တွင် သားအိမ်ရောင်ခြင်း

- မိန်းမကိုယ်တွင်းရှိ ဘတ်တီးရီးယားပမာဏ ပြောင်းလဲမှုကြောင့် အခြားသောရောဂါပိုးများ ဝင်လွယ်ခြင်း

- တင်ပါးဆုံအတွင်း ပိုးဝင်ခြင်း တို့ဖြစ်နိုင်သည်။

စစ်ဆေးမှုများ

Bacterial vaginosis ရောဂါ၏ လက္ခဏာများသည် Trichomoniasis ရောဂါ၊ ဆီးပူညောင်းကျရောဂါတို့၏ လက္ခဏာများနှင့် ဆင်တူသောကြောင့် ဆရာဝန်နှင့် ပြသ၍ ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးရုံမျှမက 

- မိန်းမကိုယ်တွင်းရှိ ဆဲလ်များကို ယူ၍စစ်ဆေးခြင်း

- မိန်းမကိုယ်တွင်းရှိ PH ပမာဏကို တိုင်းတာခြင်း တို့ ပြုလုပ်နိုင်ပါသည်။

ကုသခြင်း

မိန်းမကိုယ်တွင်းပိုးဝင်ခြင်း (Bacterial vaginosis) ရောဂါကို 

- ပိုးသတ်ဆေးများဖြင့် ကုသခြင်း

- သားအိမ်တွင်း သန္ဓေတားပစ္စည်းထည့်ထားပါက ဖယ်ရှားပြီး အခြားသန္ဓေတားနည်းများ ပြောင်းလဲခြင်း

- မိန်းမကိုယ်တွင်းရှိ အက်ဆစ်ပမာဏကို ပြုပြင်ပေးသောဆေးများ လိမ်းခြင်း တို့ဖြင့် ကုသပျောက်ကင်းနိုင်ပါသည်။

ကာကွယ်ခြင်း

Bacterial vaginosis ရောဂါကို 

- မိန်းမကိုယ်ကို ရေနှင့်သန့်စင်အောင် ဆေးကြောခြင်း

- ဆပ်ပြာ၊ PH care၊ အမွှေးနံ့တို့ဖြင့် ဆေးကြောခြင်းကို ရှောင်ကြဉ်ခြင်း

- Lactobacilli ဘတ်တီးရီးယားများ ကောင်းစွာ ပေါက်ပွားစေရန် ဒိန်ချဉ်သောက်ခြင်း

- ဆေးလိပ်ရှောင်ခြင်း တို့ဖြင့် ကာကွယ်နိုင်ပါသည်။

Ref: NHS Choices, UK

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18