အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်
24-Feb-2017
ပထမဦးဆုံးတင်ပြချင်သည့် အယူအဆတစ်ခုမှာ “ အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်” ဟူသောအကြောင်းပင် ဖြစ်ပါသည်။ ဤအယူအဆမှာ ယခုမှသာမဟုတ် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ လူတစ်ယောက် နှစ်ယောက်သာမဟုတ်၊ လူအများအပြား ယုံကြည်နေကြခြင်းဖြစ်၏။ တချို့ပညာမတတ်မဟုတ်။ ဘွဲ့များစွာ ရထားသူများပင် ယင်းယုံကြည်မှုရှိနေသည်။ ကျွန်တော်တို့ မိဘများသည်လည်း ကျွန်တော်တို့ ငယ်စဉ်ကပင် အင်္ဂလိပ် ဆေးတိုက်မည်ဆိုလျှင် အချဉ်နဲ့ ရှောင်၍ တိုက်ကြသည်။ အချဉ်စားထားသူများကို ဆေးမသောက်နှင့်ဦးဟု ဟန့်တားကြသည်။ တချို့သူများက “ အချဉ်စားပြီး အင်္ဂလိပ်ဆေး သွားမသောက်နဲ့၊ တစ်ခါတည်းသေသွားမယ်၊ ဘာမှတ်လဲ ” ဆိုသည့် စကားမျိုးကိုပင် ပြောတတ်ကြသည်။ ယနေ့အချိန် သုံးစွဲနေသော အင်္ဂလိပ်ဆေးဝါးများ (ထိုးဆေး၊ စားဆေး) တွင် အချဉ်စားပြီး မထိုးရ၊ မသောက်ရဟု တားမြစ်ချက်များမပါဝင်ပါ။ အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်ဟူသော အယူအဆမှာ ရှေးခေတ်သုံးခဲ့သော ဆေးဝါးတစ်ချို့ ဓာတ်မတည့်မှုရှိခဲ့ပါ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ကြားဖူးခဲ့ပါသည်။ အတိအကျတော့ မပြောနိုင်ပါ။
အချဉ်ဟုဆိုရာတွင် ဥပမာ - သံပရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ ချဉ်ပေါင်ရွက်၊ မန်ကျည်းရွက်၊ မန်ကျည်းသီး စည်တို့ဖြစ်သည်။ ယင်းအသီးအနှံအရွက်များတွင် ဗီတာမင် “စီ” ဓာတ်ပါဝင်သည်။ ဗီတာမင် “စီ” သည် အစာလမ်းကြောင်းမှ ဆေးဝါးတချို့ စုပ်ယူမှုအားကို ကောင်းစေသည်။ ထို့ကြောင့်ပင် ဆေးဝါးတချို့ကို ဗီတာမင် “စီ” နှင့်တွဲ၍ သောက်စေသည်။ ဥပမာ သံဓာတ်စုပ်ယူသမှုကို ဗီတာမင် “စီ” က အားပေးသည်။ တချို့ကျွမ်းကျင်ပညာရှင်အချို့က အကယ်၍ အချဉ်နှင့် ဆေးဝါးတချို့ ရောသောက်လျှင် စုပ်ယူမှုပိုကောင်း၍အန္တရာယ်မဖြစ်စေနိုင်ဘူးလားဟု စောဒကတတ်ကြသည်။ ဆေးဝါးများတွင် မူလကတည်းက လူအတွက်အန္တရာယ်မရှိသော လိုအပ်သည့် အတိုင်းအတာပမာဏ ကိုသာ ထည့်သွင်းပေးထားခြင်းဖြစ်သည်။ အန္တရာယ်ဖြစ်စေနိုင်စရာအကြောင်း မရှိပါ။ ကျွန်တော်တင်ပြလိုသည်မှာ အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်ဆိုသည်မှာ အယူအဆအမှား တစ်ခုသာ ဖြစ်ပါသည်။ အင်္ဂလိပ်ဆေးတချို့နဲ့ ဓာတ်မတည့်သည့် ဥပမာတချို့ကို တင်ပြပေးပါမည်။ အရက်နှင့် အချို့ အင်္ဂလိပ်ဆေး မတည့်ပါ။ ဤသည်မှာ အမှန်ဖြစ်ပါသည်။ လူတစ်ယောက် အရက်အလွန်အကျွံသောက်လျှင် အမူးလွန်သွားနိုင်သည်။
အိပ်ဆေးအသောက်များလျှင်လည်း မူးဝေပြီး အိပ်ရာမထချင်ဘဲ ဖြစ်နေတတ်သည်။ အရက်နှင့် အိပ်ဆေးတွဲသောက်မိလျှင် အသက်အန္တရာယ် ဖြစ်စေနိုင်သည်။ အရက်နှင့် အိပ်ဆေးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အားကူလှုံ့ဆော်မှု ပြုကြသည်။ အရက်နှင့် မက်ထရိုနိုက်ဒဇော် (မက်ထရို) Metronidazole အကြောင်းမှာ Metronidazole မက်ထရိုနိုက်ဒဇောဆေးမှာ အရက်ဖြတ်ဆေးကဲ့သို့ အာနိသင်ရှိသောကြောင့်ဖြစ်သည်။အချုပ်အားဖြင့်ဆိုရသော် အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်ဟူသော အယူအဆအမှားကို မေ့ဖျောက်သင့်ပြီဖြစ်ပါသည်။ အချဉ်စားထားသူလည်း ဆေးထိုးနိုင်ပါသည်။ အချဉ်စားပြီးလျှင်လည်း ဆေးသောက်နိုင်ပါသည်။
- အင်္ဂလိပ်ဆေးနှင့်အချဉ် တည့်ပါသည်။
- အရက်နှင့် တချို့အင်္ဂလိပ်ဆေး မတည့်ပါ။
Healthcare.com.mm
Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
