အသက်(၁၃)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကွမ်းစားခြင်းနှင့် ဆေးလိ...
24-Feb-2017
လာမည့်နှစ်တွင် အသက် (၁၃)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ၏ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်း အလေ့အထများကို ဆန်းစစ်လေ့လာ သော သုတေသနပြုလုပ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ အဆိုပါ သုတေသနကို ကျောင်းကျန်းမာရေးဌာန အပါအဝင် ပညာရေးဝန်ကြီးဌာနနှင့် အခြားလူမှုအဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး အသက် (၁၃)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းအရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ကွမ်းစားမှုနှင့် ဆေးလိပ်သောက်သုံးမှုတို့ကို သုတေသန ပြုလုပ်မည်ဖြစ်ကြောင်း ယင်းကျောင်းကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကြည်လွင်ကပြောသည်။
‘‘အဓိကကတော့ ကွမ်းစားတာတွေ၊ ဆေးလိပ်သောက်တာတွေ ဘယ်လောက်ရှိလဲ၊ ကွမ်းစားတဲ့ အကြောင်းရင်းတွေ ဆေးလိပ်သောက်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ၊ အဲဒါမျိုးတွေ လေ့လာပြီး သုတေသနလုပ်တာပါ။ ပထမလုပ်ခဲ့တဲ့ သုတေသနကတော့ တစ်မြို့နယ်မှာ မြို့ကျောင်းတစ်ကျောင်း၊ တောကျောင်းတစ်ကျောင်း ရွေးချယ်ပြီး ရှစ်တန်းကလေးတွေကို လုပ်ခဲ့တာပါ။ အခုကတော့ လာမယ့်နှစ်မှာ အလယ်တန်းရော အထက်တန်းရော ပိုပြီးကျယ်ကျယ်ပြန့်ပြန့်နဲ့ သုတေသနကြီးလုပ်သွားမယ်’’ဟု ၎င်းကပြောသည်။ ၂၀၁၅ ဇန်နဝါရီက ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျောင်းကျန်းမာရေးဌာနမှ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူပေါင်း ၁,၄၆၆ ဦးကို သုတေသန ပြုလုပ်ခဲ့ရာ၌ ၎င်းအရွယ်များတွင် ကွမ်းစားဖူးသူဦးရေမှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဆေးလိပ်သောက်ဖူးသူဦးရေမှာ ၁၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ကွမ်း၊ ဆေးလိပ်များတွင် ဆေးရွက်ကြီး ထည့်စားဖူးသူဦးရေမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိသည်ကို တွေ့ရှိရကြောင်း သုတေသနစာရင်းများအရ သိရသည်။
‘‘အဲဒီတုန်းက သုတေသနမှာတွေ့ရတာက သူတို့အိမ်တွေက လူတွေမှာ တော်တော်များများ ကွမ်းစား၊ ဆေးလိပ်သောက်ကြတာတွေ့ရတယ်။ အဲဒါကြောင့် သူတို့စားကြတာပေါ့။ ပြီးတော့ ကွမ်း၊ဆေးလိပ် အလွယ်တကူရတယ်။ မစားတဲ့သူတွေလည်းရှိတယ်။ သူတို့ကို မေးတဲ့အခါမှာလည်း သူတို့ ပြန်ဖြေကြတာက ကွမ်းစားလို့ရှိရင် အန္တရာယ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်ရော ပတ်ဝန်းကျင်ကိုရော အနှောင့်အယှက်ဖြစ်တယ်ဆို ပြီး ကျောင်းတွေမှာ သင်ရလို့တဲ့။ ဒါကြောင့် ကျောင်းတွေမှာ အခြေခံပေးလိုက်လို့ရှိရင် ကလေးတွေ တစ်သက်တာ ကောင်းမွန်တဲ့ အလေ့အကျင့်တွေ ရသွားနိုင်ပါတယ်’’ဟု ဒေါက်တာကြည်လွင်က ဆက်လက်ပြောသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဉ်လူခုနစ်သောင်းကျော် သေဆုံးနေပြီး ၂၀၁၁ က အခြေခံပညာကျောင်းများကို ဆန်းစစ်လေ့လာမှုအရ အသက်(၁၀)နှစ်မှ (၁၈)နှစ်အရွယ် အလယ်တန်း၊ အထက်တန်း ကျောင်းသားဦးရေ ၃၈ ရာခိုင်နှုန်းနှင့် ကျောင်းသူဦးရေ ၃ ရာခိုင်နှုန်းတို့တွင် ဆေးလိပ်သောက်သုံးလျက်ရှိနေပြီး ကျောင်းသား ငါးဦးလျှင် တစ်ဦးနှုန်းမှာ ကွမ်းစားသုံးမှုရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
Healthcare.com.mm
Ref: 7 days daily
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
