Aphthous ulcer အပူနာအအေးနာ
24-Feb-2017
ပါးစပ်နာတွေထဲမှာလူတွေအများဆုံး ဖြစ်ကြတာကို Aphthous ulcer လို့ ဆေးစာနဲ့ခေါ်တယ်။ အင်္ဂလိပ်လို Cold sores လို့ခေါ်တယ်။ သူများတွေနဲ့ ကျွန်တော်တို့နဲ့ ဒီနေရာမှာပြောင်းပြန်။ အရပ်ခေါ် အပူကန်နာလို့ ပြောကြတယ်။ ပါးစပ်ထဲ ဘယ်နေရာမဆို ဖြစ်တယ်။ အောက်နုတ်ခမ်းမှာ အဖြစ်များတယ်။ လျှာအောက်လဲဖြစ်၊ ပါးစောင်လဲမလွတ်ဘူး။ တခုမကလဲဖြစ်။ ဖြစ်ပြီးပျောက်၊ ပျောက်ပြီး ပြန်ပေါက်တတ် သေးတယ်။ ဘာလို့ ဖြစ်သလဲ။ ဗီတာမင်တွေချို့ယွင်းလို့ မဟုတ်ပါ။ ရောဂါပိုးဝင်လို့ မဟုတ်ပါ။ ကူးစက်ရောဂါမဟုတ်ပါ။ အစာစားချိန် မမှန်သူ၊ ခရီးသွားနေရလို့၊ ဝမ်းသွာမမှန်သူ၊ အလုပ်များသူ၊ စိတ်ရှုတ်သူတွေမှာ ဖြစ်တယ်။ အားနည်းနေချိန်မျိုးမှာလာဖြစ်တတ်တယ်။ အပူများတာ (ကော်ဖီ၊ လက်ဘက်ရည်) သောက်မိသူတွေမှာလဲ ဖြစ်လေ့ရှိတယ်။ အရက်-ဆေးလိပ်လဲစာရင်းထဲမှာပါတယ်။ အစပ်များတာ စားမိသူကိုလဲ ထည့်ရေးကြပေမဲ့ တကယ်အစပ်စားသူတွေမှာ ပိုဖြစ်တာ မတွေ့ဘူးပါ။ ရွှေလံဘိုငရုတ်စားတဲ့ နာဂတွေ၊ ကသည်းတွေမှာ (ဗမာလဲပါတယ်) ထူးဖြစ်တာမရှိပါ။
အနာပုံစံကတခါတွေ့ဘူး၊ မှတ်ထားဘူးရင် မလွဲနိုင်ဘူး။ ခပ်ဝိုင်းဝိုင်းနေမယ်။ တလက္မရဲ့ ၁ဝ ပုံ ၁ ပုံကနေ ၅ ပုံလောက် အထိ ကြီးတယ်။ အလည်ပိုင်းက ခပ်ဝါဖြူဖြူနဲ့ ခွက်နေပြီး၊ ဘေးနုတ်ခမ်းကနီရဲနေမယ်။ ဖြစ်ရင် အတော်နာတယ်။ ပူစပ်နေမယ်။ရေသောက်တာတောင်မှ မခံချင်ဘူး။ ထမင်းစားရင် သိပ်ဒုက္ခရောက်တယ်။
• ကုဘို့ဆိုတာ ဖြစ်စေတာကို ပြင်ရမှာ အဓိကဖြစ်တယ်။ စားချိန်၊ အိပ်ချိန် မှန်ပါစေ။ ခရီးသွားရရင် စားတာ၊ ဆီးဝမ်းသွားတာ ဂရုစိုက်ပါ။
• ဆားရည်နဲ့ တနေ့ ၂ ကြိမ်၊ ပါးစပ်ဆေးပါ။
• ဗီတာမင် ဘီအုပ်စုနဲ့ ဗီတာမင်စီများများပေးတယ်။ 500 mg တနေ့ ၂ ကြိမ်။
• အနာပေါ်ကို Glycerin အလှဆီလိမ်းပေးနိုင်တယ်။
• ထောပတ်၊ ပျားရည်လဲလိမ်းကြတယ်။ တချို့က ညောင်ရွက်ကို ကြိတ်ပြီးလိမ်းတယ်။ ကြက်သွန်ဖြူလဲသုံးကြတယ်။
• အစာအိမ်နာရောဂါ ရှိနေသူတွေကိုအုန်းဆီနဲနဲသောက်ခိုင်းတယ်။
• သင်္ဘောသီးမှည့် စားတာကောင်းတယ်။
• ဂျုံစာထက် ဆန်စာကပိုသင့်တယ်။
• Lido cream, Nupacainel, Xylocaineထုံဆေး၊ လိမ်းဆေးကို သုတ်လိမ်းလိုက်ရင် ခဏလောက် မနာတော့ဘဲ ထမင်းစားနိုင်လိမ့်မယ်။ ထုံဆေးပျယ်ရင် ပြန်နာမယ်။
• မပျောက်နိုင်သူတွေကို Corticosteroids ပါတဲ့ လိမ်းဆေးပေးနိုင်တယ်။
• Paracetamolတို့ Ibuprofen တို့လို အနာသက်သာဆေး တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ အစာနဲ့သောက်ပါ။
• Gentian violet paint ခရမ်းရောင်ဆေးလိမ်းရင် ပိုးဝင်တာ ကာကွယ်နိုင်တယ်။ (နောက်ပိုင်းမှာမသုံးတော့ပါ။)
• ရေများများသောက်ပါ။
• စိတ်ဖိအားနည်းပါးပါစေ။
Ref:
Dr. တင့်ဆွေ
August 30, 2014
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
