အကြောဆိုင်း မျက်နှာသေရောဂါ၊ အကြောဆိုင်းထုံးရောဂါ
01-Mar-2017
အကြောဆိုင်း မျက်နှာသေရောဂါ၊ အကြောဆိုင်းထုံးရောဂါ
အသက် ၄၀ အောက်မှာ ဤရောဂါဖြစ်ခဲသည်။ အသက် ၆၅ နှစ်အကျော်များမှာအတွေ့ရများ၏။ ဤထက်ပို၍ အသက်ကြီးလေ တွေ့ရလေ။ အသက် ၇၀ ကျော် ၈၀ ကျော်ပုဂ္ဂိုလ်များမှာ ခါးကုန်းကုန်း၊ လမ်းလျှောက်နှေး၊ မျက်နှာကသေ၊ စိတ်ကလည်းဝေနှင့် ပိုတွေ့ရတတ်သည်။
ရောဂါ လက္ခဏာများ
ရောဂါဖြစ်စတွင် ခြေလက်များ ကိုက်ခဲခြင်း၊ သွားရလာရခက်ခြင်း၊ အိပ်ရာမှာ ဘက်လှည့်မခြင်းတို့ ဖြစ်တတ်သည်။ အသိမှတ်ဉာဏ်တို့ကို မထိခိုက်။ နောက်ပိုင်းကြာလာလျှင် ကြွက်သားများ တင်းခြင်း (Rigidity) လက်များနားနေစဉ် တုန်ခြင်း (Tremor At Rest) လမ်းလျှောက်လျှင် လဲမှာစိုး၍ ဖြည်းဖြည်းလျှောက်ခြင်း၊ ခြေလှမ်းစိပ်ခြင်း၊ လျှပ်တိုက်လျှောက်ခြင်း တို့လုပ်သည်။ မျက်နှာက လှုပ်၍ မလွယ်။ ပြုံးခြင်း ရယ်ခြင်းမရှိ။ မျက်နှာဖုံး စွပ်ထားသလို။ သို့ဖြစ်၍ “မျက်နှာဖုံးမျက်နှာ") (Masked Faces) ဟု ခေါ်သည်။ စကားပြောလျှင် လေးသည်။ အသံတိုးသည်။ အနိမ့်အမြင့် မရှိ။ ကြာလျှင် စိတ်ကျရောဂါ၊ စိတ်မကောင်း ရောဂါ (Dementia) ရလာသည်။ မှတ်ဉာဏ် ပျက်လာသည်။ဦးနှောက်ကြီးအတွင်းပိုင်းရှိ အခြေခံ နယူကလိယျ (Basal Ganglia) များထိခိုက်၍ ဖြစ်သည်။ အထူးသဖြင့် Substantia Nigra ထိ၍ဖြစ်သည်။ ယင်းမှ အာရုံကြောမျှင်များသည် ကောဒိတ်နှင့် လက်တီဖောင်းနယူးကလိလျ (Caudate And Lentiform Nucei Or Corpus Striatum) သို့ သွားကာ ဒိုပါမင်း (Dopamine) ဓာတ်ထုတ်လုပ်ပေးမှု လျော့သွား၍ဖြစ်သည်။ ဒိုပါမင်းနည်းလေး ဤရောဂါ ဆိုးလေ။
ရောဂါဖြစ်စေသော အကြောင်းများ (Causes)
၁။ ဦးနှောက်ရောင်ခြင်း ဗိုင်းရပ်စ် (Viral Encephalitis)
၂။ ဦးနှောက်တွင်း သွေးကြောပိတ်ခြင်း
၃။ ဦးနှောက်တွင်း မကြာခဏ သွေးထွက်ခြင်း
၄။ ဦးခေါင်းဒဏ်ရာ မကြာခဏရခြင်း ဥပမာ လက်ဝှေ့ထိုးသူ
၅။ ဦးနှောက်အာရုံကြောများ အသက်ကြီး၍ ပျက်စီးခြင်း
၆။ ဦးနှောက်ရောဂါပိုးဝင်ခြင်း ဥပမာ ဆစ်ဖလစ် ကာလသားရောဂါ
၇။ ဦးနှောက် အဆိပ်မိခြင်း ဥပမာ ဆေးလိပ်သောက်ခြင်း၊ စိတ်အဆိပ်ထိခြင်း၊ အလူမီနီယံ (ဒန်) သတ္တုထိခြင်း
၈။ အခြားကြောင်းများ
ကုသခြင်း
ဆေးဝါးအနေဖြင့် အဓိကမှာ အထွက်နည်းသွားသော ဒိုပါမင်းဓာတ်ကို ပြန်ရအောင် ပြုလုပ်ခြင်းနှင့် ကြွက်သားဆိုင်းခြင်းကို သက်သာရန် ဆေး (Anticholinergics) ပေးခြင်းဖြစ်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် ဦးနှောက်အာရုံကြောနှင့် စိတ်ရောဂါ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
