အူအတက်ခွဲစိတ်ဖယ်ရှားခြင်း
25-Feb-2017
အူအတက်က လူ့ခန္ဓာကိုယ်မှာ ဘယ်လိုအရေးပါပါသလဲ။
အူအတက်က ကိုယ်ခန္ဓာအတွက် တာဝန်ကြီးကြီးမားမား မရှိပါဘူး။ အူအတက်က ခန္ဓာကိုယ်အတွက် အပိုတစ်ခုပဲလို့တောင် ပြောလို့ရနိုင်ပါတယ်။ ဘာအကျိုးမှာမရှိတဲ့ အပြင် ရောင်တာတွေ ဖြစ်ပြီး တစ်ခါတစ်ရံ လူကို ဒုက္ခပေးတတ်လို့ ရောင်တာနဲ့ တစ်ခါတည်း ထုတ်ပစ်တတ်ကြတာ ဖြစ်ပါတယ်။ အူအတက်ရောင်မှ ခွဲစိတ်ဖယ်ရှားတာနဲ့ ပုံမှန်အူအတက် ဖယ်ရှားတာရဲ့ကွာခြားမှု အူအတက်ကို ရောင်မှထုတ်တာနဲ့ မရောင်ဘဲ ထုတ်တာက ဘာမှမကွာခြားပါဘူး။ ဒါပေမဲ့ ရောင်ရင် တော့ ထုတ်ကို ထုတ်ရပါမယ်။ ဒါမှ သက်သာသွားမှာပါ။ ခွဲစိတ်တာ ကတော့ စက်နဲ့ပဲခွဲခွဲ ပုံစံအတူတူပါပဲ။ အူအတက်ကေရောင်ပြီး ပြည်တည်နေ တာတို့ ဖြစ်နေရင် ပုံမှန်အူအတက်ကို ခွဲရတာထက်တော့ နည်နည်းပို ခက်ခဲတာတော့ ရှိပါတယ်။ အူရဲ့ အနေအထား၊ အရွယ်အစားပေါ်လည်း မူတည်ပြီး နည်းနည်းလောက် ကွာခြားတာတော့ ရှိကောင်းရှိ နိုင်ပါတယ်။
အူအတက်ကို ခွဲစိတ်ဖယ်ရှားပြီး လိုက်နာရမည့်အချက်များ
အူအတက် ခွဲထုတ်ထားလို့ လိုက်နာရမည့်အချက်ဆိုတာကတော့ သီးသန့်မရှိပါဘူး။ ဘာကြောင့်ပဲ ခွဲစိတ်မှုလုပ်လုပ် လိုက်နာရမယ့် အချက်တွေဖြစ်တဲ့ ဗိုက်ခွဲပြီး ငြိမ်ငြိမ်နေပေးရမယ်။ အစာမာမာတွေကို ချက်ချင်းစားလို့မရဘူး၊ လေလည်မှ အစာစစားရမယ် စတဲ့ ဆရာဝန်ညွှန်ကြားတဲ့ အချက်တွေကိုပဲ လိုက်နာဖို့လိုပါတယ်။ ဗိုက်ခွဲထားတဲ့အတွက် ချောင်းဆိုးရင် နည်းနည်နာတာက ဖြစ်လေ့ဖြစ်ထရှိလို့ ချောင်းမဆိုးမိအောင် ဆင်ခြင်သင့်ပါတယ်။
အူအတက်ပြဿနာ
အူအတက်ခွဲတာက ထွေထွေထူးထူးမရှိပါဘူး။ ဒါပေမဲ့ ဗိုက်ခွဲတာကတော့ ဘာကြောင့်ခွဲခွဲ ဂရုစိုက်ဖို့ လိုပါတယ်။ အူအတက်က ရောင်လို့ခွဲတာဆိုရင် ရောင်တာကြီးရင် ကြီးကြီးခွဲထုတ်ရမယ်။ ရောင်တာသေးရင် သေးသေးပဲ ခွဲထုတ်ရမယ်။ တစ်ခါတလေ ချုပ်ရိုးအနာပြည်တည်တာတွေ၊ ချုပ်ရိုးပြုတ်ပြီး ခွဲထားတဲ့နေရာက ပွင့်တာတွေဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာက အူအတက်ကြောင့်မှ မဟုတ်ပါဘူး။ ဗိုက်ခွဲထားသူတိုင်းမှာ ပိုးဝင်သွား
ရင် ဖြစ်တတ်ပါတယ်။ ပိုးဝင်တယ်ဆိုတာကလည်း အကြောင်းမျိုးစုံရှိပါတယ်။ အရေးပေါ် ခွဲစိတ်ရတဲ့ အခါတွေက ကြိုတင်ပြင်ဆင်ပြီး ခွဲစိတ်တာ (Elective) ထက်ပိုပြီး ပိုးဝင်နိုင်ခြေများပါတယ်။
အူအတက်ရောင်တာက လူတစ်ယောက်ရဲ့ ဘဝတစ်သက်တာမှာ ဘယ်လောက်အထိဖြစ်နိုင်ခြေ ရှိပါသလဲ။
တစ်နှစ်အတွင်း လူတစ်ထောင်မှာ တစ်ယောက်ကနေ ငါးယောက်လောက်ကတော့ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ အသက်ကလည်း အရွယ်မရွေးဖြစ်နိုင်ပါတယ်။ကလေးငယ်လေးကနေ အသက်ကြီးတဲ့ အရွယ်အထိ ဖြစ်တတ်ပါတယ်။ အရွယ်စုံ တွေ့ဖူးပါတယ်။ အူအတက်က ဘာကြောင့် ရောင်တာဆိုတာကလည်း ပြောရခက်ပါတယ်။ အကြောင်းအရင်းကလည်းအတိအကျ မရှိပါဘူး။ ဒါကြောင့် ကာကွယ်ဖို့ဆိုတာကလည်း ခက်ပါတယ်။
အူအတက်ရောင်တဲ့အခါ ဘယ်လိုခံစားရတတ်ပါသလဲ။
အူအတက်ရောင်တယ်ဆိုရင် ဗိုက်အောင့်မယ်၊ တစ်ခါတလေ အန်မယ်၊ အဖျားတွေတက်မယ် စတဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အတိအကျကတော့ ဆရာဝန်ကိုယ်တိုင်စမ်းသပ်မှပဲ သိနိုင်မှာဖြစ် ပါတယ်။ အူအတက်ကအာထရာဆောင်းရိုက်တာတောင် သေချာမသိနိုင်ပါဘူး။ ခွဲစိတ်ဆရာဝန်ရဲ့ အတွေ့အကြုံ နှင့် အသက်ရှူတဲ့အခါ ဗိုက်ချပ်တာ၊ ဖောင်းတာ စတာတွေကို လက်နဲ့သေချာစမ်းပြီးမှ သိနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ ဆရာဝန်တွေမှပဲ စမ်းသပ်သိရှိနိုင်မှာ ဖြစ်ပါတယ်။ အာထရာဆောင်း ရိုက်တာကလည်း ပြည်တွေတည်နေတာ ရောင်ပြီးကြီးနေတာဆိုရင်တော့ သိနိုင်ပေမယ့် ကြီးမနေဘူးဆိုရင် သိနိုင်မှာ မဟုတ်ပါဘူး။ ပြောရရင်တော့ အူအတက်ဆိုတာကခန္ဓာဗေဒ (Anatomy) အားဖြင့် အတိအကျ မရှိပါဘူး။ အတိုအရှည် လားရာ၊ အထူအပါးကမျိုးစုံ ဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း မတူနိုင်ပါဘူး။ ဗိုက်တစ်ခုလုံး ဘယ်နေရာက အောင့်အောင့် အူအတက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် အူအတက် ရောင်တာက အစာအိမ်အချဉ်ပေါက်တာနှင့်လည်း မှားနိုင်ပါတယ်။ တော်ရုံ အူအတက်ရောင်နေတာလေးက စက်တွေနဲ့ သက်သေပြလို့ အဆင်မပြေပါဘူး။ အူအတက်ရောင်တာတွေက ခွဲဖို့ နောက်ကျသွားရင်တော့ အသက်အန္တရာယ်ရှိပါတယ်။ အူအတက်ရောင်တာက ပိုးဝင်တာပဲဖြစ်လိုု့အတွက် ပြည်တွေတည်လာပြီး ပေါက်ထွက်ကုန်ရင် အသက်အန္တရာယ်ရှိပါတယ်။ အူအတက်ရောင်တာက ဟိုးအရင်ကတည်းက အခုအချိန်ထိ အမြဲဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ အူအတက်ရောင်တာက အဖြစ်များလာပါတယ်။
Healthcare.com.mm
Ref:
ပါမောက္ခဦးအေးမွန်
ခွဲစိတ်အထူးကု ဆရာဝန်ကြီး
Arogyam magazine, February 2015, No.271, Pg. 85-88
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
