နှလုံးသွေးကြောကျဉ်းရောဂါ (Ischaemic Heart Disease/ Coronary Artery Dis...
25-Feb-2017
နှလုံးသွေးကြောကျဉ်းရောဂါ ဆိုတာဘာလဲ?
========================
သွေးကြော (artery) တွေရဲ့အတွင်းသားအနားကွပ်တလျှောက်မှာ အဆီခဲ
(atheroma) တွေစုပုံလာခြင်းကြောင့် သွေးကြောနံရံတွေထူလာပြီး သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းဖြစ်လာပါတယ်။ ဒီဖြစ်စဉ်ကို အဆီစုပုံခြင်းကြောင့် သွေးကြောများပိတ်ဆို့ခြင်း (atherosclerosis) လို့ခေါ်ပါတယ်။ atherosclerosis က နှလုံးကို အဓိကပေးပို့နေတဲ့
သွေးကြောမကြီးတွေမှာ ဖြစ်လာတဲ့အခါမှာတော့ နှလုံးကြွက်သားတွေဆီကို သွေးနှင့်
အောက်စီဂျင် အလုံအလောက်မပေးပို့နိုင်ခြင်းဖြစ်လာပြီး ကြွက်သားများထိခိုက်တဲ့ (Ischemia) အခြေအနေကို ရောက်ရှိစေပါတယ်။ သွေးကြောတစ်ချောင်း လုံးဝပိတ်ဆို့ သွားတဲ့ အခါမှာတော့ နှလုံးကြွက်သား ပုပ်ခြင်း (myocardial infarction) ဖြစ်ပေါ်ပြီး လူတွေအသိများတဲ့ Heart Attack၊ နှလုံးရုတ်တရက် ထိခိုက်ခံရတဲ့ အရေးပေါ်အခြေအနေ ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါကို ischaemic heart disease/ coronary artery disease လို့ ခေါ်ပါတယ်။
ဘာတွေကဖြစ်စေသလဲ
============
ဒီအချက်ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေပါတယ် ဆိုပြီး အတိအကျ
ထောက်ပြလို့ရတဲ့ အကြောင်းအရင်း မရှိပေမယ့် risk factors လို့ခေါ်တဲ့ ရောဂါဖြစ်မှုကို ပိုအားပေးတဲ့ အချက်တွေစုပေါင်းပြီး ဖြစ်လာစေနိုင်ပါတယ်။ အဲ့ဒါတွေကတော့
- အဆီအစိမ့် အစားများခြင်း နှင့် သွေးတွင်းအဆီဓါတ်များခြင်း
- သွေးတိုးရောဂါရှိခြင်း
- ဆီးချိုရောဂါရှိခြင်း
- ဆေးလိပ်သောက်ခြင်း
- အဝလွန်ခြင်း နှင့် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
- မိသားစု မျိုးရိုးတွင် ပုံစံတူ ရောဂါရှိခြင်း
- အသက်ကြီးလာတာနဲ့အမျှ သွေးကြောပျက်စီးမှုများပြီး ဖြစ်နိုင်ချေများလာနို်င်ပါတယ်
- အသက်အလတ်ပိုင်းမှာတော့ အမျိုးသားတွေက ဖြစ်နိုင်ချေ ပိုများပေမယ့် ၊ သွေးဆုံးပြီးချိန် နောက်ပိုင်းမှာတော့ အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေပိုမြင့်သွားပါတယ်
ရောဂါလက္ခဏာတွေက ဘာတွေလဲ
===================
ရောဂါ အစပျိုးချိန် မှာ သိသာလှသော ရောဂါလက္ခဏာ မပြပဲ ရှိနိုင်ပါတယ်။
သွေးကြောတဖြေးဖြေးပိုကျဉ်းလာတဲ့ အခါမှ တော့ ရောဂါလက္ခဏာတွေ ပြလာနိုင်ပါတယ်။
ရင်ဘတ်အောင့်ခြင်း (ANGINA) _
- ရင်ဘတ်မှာ တင်းကြပ်ကြပ်ကြီးခံစားရခြင်း၊
- တစ်စုံတစ်ခုသောအားတစ်ခုရင်ဘတ်မှာလာပိနေသလိုမျိုးခံစားရခြင်း။
- ရင်ဘတ်ရဲ့ဘယ်ဘက်ပိုင်းအခြမ်း အောင့်ခြင်း တို့ခံစားရနိုင်ပါတယ်။ ရင်ဘတ်အောင့်ခြင်းဝေဒနာက ပြင်းပြင်းထန်ထန် လှုပ်ရှားမှုပြုတဲ့အချိန်မျိုးမှာ ဖြစ်စေ၊ စိတ်ဖိစီးမှုတစ်စုံတစ်ခုပြင်းထန်စွာခံစားရတဲ့ အခါမျိုးမှာဖြစ်စေ ပေါ်လာတတ်ပါတယ်။
အသက်ရှုမဝခြင်း၊မောဟိုက်ခြင်း (SHORTNESS OF BREATH)_ ခန္ဓာကိုယ်ကလိုအပ်တဲ့ သွေးကို နှလုံးကလိုက်မညှစ်ထုတ်ပေးနိုင် သောအခါ လှုပ်ရှားမှုလုပ်တိုင်း အလွယ်တကူမောဟိုက်လာခြင်း၊ အမောမခံနိုင်ခြင်းတို့ဖြစ်လာပါတယ်
နှလုံးကြွက်သားပုပ်ခြင်းကြောင့် ရုတ်တရက်နှလုံးဖောက်ခြင်း (heart attack) _
သွေးကြောတစ်ခု လုံးဝပိတ်ဆို့သွားတဲ့အခါမှာ တော့ မခံမရပ်နိုင်လောက်သော ရင်ဘတ်အောင့်ခြင်းဖြစ်လာပါတယ်၊ လှုပ်ရှားမှုလုပ်မှနာတာမျိုးမဟုတ်ပဲ ရပ်နေ၊ နားနေတဲ့အချိန်မှာပဲ ရုတ်တရက် မခံမရပ်နိုင်အောင်နာကျင်လာပါတယ်။ ထိုနာကျင်မှုက ပုခုံး၊ ဘယ်ဘက်လက်မောင်းတစ်လျှောက် နှင့် ကျောဘက်ထိ ရွေ့ပြီးနာနို်င်ပါတယ်။ ချွေးစေးပြန်ပြီး အမောဖောက်ခြင်း၊ သတိမေ့ခြင်းတို့ထိ ဖြစ်နိုင်ပါတယ်။
နောက်ဆက်တွဲ ဘာဆိုးကျိုးတွေဖြစ်လာနိုင်လဲ
=========================
နှလုံးညှစ်အားဆုတ်ယုတ်ခြင်း (HEART FAILURE) _ နှလုံးကို ပေးပို့တဲ့ သွေးနဲ့ အောက်စီဂျင်တွေ ကြာရှည် နည်းလာတဲ့အခါ ဒါမှမဟုတ် နှလုံးပျက်စီးတဲ့ နေရာကြီးတဲ့ အခါမှာ နှလုံးက ကောင်းစွာ မညှစ်နိုင်တော့ တဲ့ အခြေအနေတစ်ခုကိုရောက်ရှိသွားခြင်းဖြစ်ပါတယ်
နှလုံးစည်းချက်မမှန်ခြင်း (ARRYTHMIA)_
နှလုံး tissue တွေထဲကို သွေးမရောက်တဲ့ အတွက်ပျက်စီးသွားတဲ့ အထဲမှာ စည်းချက်မှန်အောင် လုပ်ပေးနိုင်တဲ့ နေရာကိုပါ ထိခိုက်မိပြီး နှလုံး စည်းချက်မမှန်တာတွေ ဖြစ်လာနိုင်ပါတယ်။
ရောဂါကိုဘယ်လိုသိနိုင်မလဲ
===============
- နှလုံးစက်ဆွဲခြင်း (ECG)
- နှလုံးဓါတ်မှန်ရိုက်ခြင်း (ECHOCARDIOGRAM)
- သွေးတွင်းအဆီဓါတ်စစ်ဆေးခြင်း
- သွေးကြောဓါတ်မှန်ရိုက်ခြင်း (CORNARY ANGIOGRAM)
ဒါပေမယ့် လူနာဖြစ်ပေါ်နေတဲ့ လက္ခဏာတွေကို စမ်းသပ်ကြည့်ရှုခြင်း ၊ ရောဂါဖြစ်စဉ်ကို မေးမြန်းခြင်း
ဖြင့် နှလုံးသွေးကြောကျဉ်းရောဂါလို့ ယူဆလို့ရပါက စမ်းသပ်မှုတွေက အရေးမကြီးပဲ ကုသမှုအရင်ပေးရပါတယ်။
ဒီစစ်ဆေးမှုတွေက အထောက်အကူပေးနိုင်ရုံသာဖြစ်ပါတယ်။
ဘယ်လိုကုသမလဲ
==========
ဒီရောဂါအတွက် ထိရောက်သော ဆေးဝါးတွေရှိပေမယ့် အဓိကက နေ့စဉ်နေ့ထိုင်မှုပုံစံကို ပြောင်းလဲမှသာ ရမှာပါ။
- ဆေးလိပ်သောက်တတ်လျှင် လုံးဝဖြတ်သင့်ပါတယ်
- အဆီအစိမ့်စားတာလျှော့စားရပါမယ်
- စိတ်ဖိစီးမှုများတဲ့ အခြေအနေကို စိတ်ထားတတ်အောင်ပြုပြင်ရမယ်
- ကိုယ်အလေးချိန်ကို မဝလာအောင် ထိန်းရမယ်
- ပုံမှန်ကိုယ်လက် လေ့ကျင့်ခန်းလုပ်သင့်တယ်
- သွေးတိုးရှိလျှင် ဆေးမှန်မှန်သောက်ရင်း သွေးမတက်အောင် ထိန်းထားရမယ်
- သွေးတွင်းအဆီဓါတ်လျှော့ချပေးတဲ့ ဆေးကိုရေရှည်စွဲသောက်ရမယ်
ဆေးဝါးအနေနဲ့ တော့ အရေးပေါ်အခြေအနေမှာသုံးတဲ့ NITRATES ဆေးများ၊ ရေရှည်မှာ စွဲသောက်ရမယ့် B-BLOCKERS, CALCIUM CHANNEL BLOCKERS, ANTI-PLATELET DRUGS, ACEI DRUGS တို့ဆိုပြီး ရှိပါတယ်။
နောက်ပိုင်း alternative medicine လို့ခေါ်တဲ့ ကုသမှုတစ်ခုအနေနဲ့ OMEGA-3-FATTY ACIDS ကို ညွှန်းပေးတာတွေလည်းရှိလာပါတယ်။
ခွဲစိတ်ခြင်း
======
သွေးကြောပြုပြင်၍ နှလုံးသွေးပြန်လျှောက်အောင်ပြုလုပ်ခြင်း ( PERCUTANEOUS CORONARY REVASCULARIZATION)
လေလျှော့ ထားသောပူဖောင်းပုံစံကိရိယာလေးကို သွေးကြောထဲသို့ ထဲ့ပြီးနောက် ပူဖောင်းကိုဖောင်းပေးခြင်းဖြင့် ကျဉ်းနေသော နေရာကို ပြန်ကျယ်သွားစေအောင်လုပ်ပေးတာဖြစ်ပါတယ်။
သွေးကြောအစားထိုးကုခြင်း (CORONARY ARTERY BYPASS SURGERY )
ခန္ဓာကိုယ် ရဲ့ တခြားတစ်နေရာမှ သွေးကြောကို ယူ၍ ပိတ်နေ၊ကျဉ်းနေတဲ့ သွေးကြောနေရာမှာ အစားထိုး ပေးတာဖြစ်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူများဟာ အစားအစာ ဆင်ခြင်မယ်၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးပုံမှန်သောက်မယ်၊ ကိုယ်လေးချိန်မတက်အောင်နေမယ်၊ ကျန်းမာတဲ့ နေထိုင်မှုပုံစံ ဖြစ်အောင်နေထိုင်မယ်ဆိုရင် သက်တမ်းရှည်ရှည် နေနိုင်ဖို့ အခွင့်အရေးတွေရှိပါတယ်လို့ ကျန်းမာရေးအသိပညာပေးလိုက်ပါရစေ။
MyatPwint
Healthcae.com.mm
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
