Nephrotic Syndrome အကြောင်းသိကောင်းစရာများ
25-Feb-2017
မေး။ ။ Nephrotic Syndrome ဆိုတာဘယ်လိုရောဂါဖြစ်သလဲ?
ဖြေ။ ။ လူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ကျောက်ကပ်များရဲ့ တာဝန်က ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အညစ်အကြေးများကို စွန့်ထုတ်ပြီး လိုအပ်သည်များကို စစ်ယူထားရခြင်း ဖြစ်ပါတယ်။ လူ့ရဲ့ကျောက်ကပ်မှာ ဒီလိုစစ်ထုတ်စရာ ဇကာလေးများပါရှိပါတယ်။ Nephrotic Syndrome ဖြစ်တဲ့ကလေးမှာတော့ တော်တော်များများက ဒီဇကာလေးရဲ့ စစ်ထုတ်နိုင်တဲ့ ပုံမှန်တာဝန်ကို မထမ်းဆောင်တော့လို့ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Protein (အသားဓာတ်) များဟာ ဆီးထဲမှာ ပါလာပါတယ်။ ပါလာတဲ့ ပမာဏများလာတဲ့အခါမှာ ကလေးယောင်လာပါတယ်။
မေး။ ။ Nephrotic Syndrome ရောဂါရဲ့လက္ခဏာများက ဘာတွေဖြစ်ပါသလဲ?
ဖြေ။ ။ လက္ခဏာတွေကတော့ ကလေးဟာ တဖြည်းဖြည်းနဲ့ မျက်နှာလေးတွေအမ်း၊ မျက်ခွံလေးတွေ မို့လာပါတယ်။ ပြီးတော့ ခြေထောက်တွေ ဖောယောင်လာမယ်၊ ဗိုက်ပူလာမယ်၊ ဆီးစစ်လိုက်ရင် ဆီးထဲမှာ အနယ်တွေပါလာမယ်။
မေး။ ။ ဘယ်လိုအရွယ်တွေမှာ ဒီရောဂါဖြစ်ပါသလဲ?
ဖြေ။ ။ အသက် (၂) နှစ်အထက်နှင့် (၅) နှစ်အောက်ကလေးများတွင် အများဆုံးဖြစ်ပါတယ်။ သိုပသော် ကလေးကြီးများတွင်လည်း ဖြစ်နိုင်ပါတယ်။
မေး။ ။ ဘာကြောင့်ဖြစ်ပါသလဲ?
ဖြေ။ ။ ယနေ့အထိ အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်ပါတယ်။
မေး။ ။ ဆေးကုသလို့ရပါသလား?
ဖြေ။ ။ ကုသလို့ရပါတယ်။ သို့သော်လည်း ရောဂါသဘောမှာ အချို့ကလေးများတွင် မကြာခဏ ပြန်ဖြစ်တတ်ပါတယ်။ ထိရောက်စွာ ကုသရန်နှင့် ရောဂါပြန်ဖြစ်ပါက ဆရာဝန်နှင့် မှန်မှန်ပြန်ပြပါရန် အရေးကြီးပါတယ်။
မေး။ ။ အန္တရာယ်လက္ခဏာများရှိပါသလား?
ဖြေ။ ။ ဗိုက်နာပြီးအထိမခံနိုင်ဖြစ်ခြင်း၊ ဖျားခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်းတို့ရှိပါက အရေးကြီးပါတယ်။ ဝမ်းခေါင်းအမြှေးရောင်သည့် လက္ခဏာဖြစ်ပါသဖြင့် ဆေးရုံသို့အမြန် သွားသင့်ပါတယ်။ ကလေးအသားအရေများ အေးစက်ခြင်း၊ ဆီးနည်းလာပြီး မကြာခဏ ဗိုက်နာသည်ပြောပါကလည်း ဆေးရုံသို့ အမြန်သွားသင့်ပါတယ်။
မေး။ ။ ကာကွယ်ဆေးထိုးသင့်ပါသလား?
ဖြေ။ ။ ရောဂါဖြစ်နေချိန်၊ ဆေးများသောက်နေရချိန်အတွင်း Live vaccine များကို မထိုးသင့်ပါ။ ဆေးဖြတ်ပြီး ၆ ပတ် (သို့) ၈ ပတ်ကြာပြီးမှ ထိုးသင့်ပါတယ်။
မေး။ ။ ရှောင်ကြဉ်ရမည့်အချက်များရှိပါသလား။
ဖြေ။ ။ ဆေးကုသမှုခံယူနေစဉ် ဆေးသောက်နေစဉ်အတွင်း ရောဂါပိုးများ၏ ဒဏ်ကိုမခံနိုင်ခြင်း၊ ရောဂါကူးစက်လွယ်ခြင်းများကြောင့် လူထူသောနေရာ၊ စျေး၊ ကုန်တိုက်၊ ဘုရာပွဲစသည်များကို ခေါ်မသွားသင့်ပါ။ ရေကျောက်ပေါက်သည့် ကလေးနှင့် ထိတွေ့မိပါက မိမိ၏ဆရာဝန်အား အမြန်ဆုံးသွား ရောက်ပြသပြီး ဆွေးနွေးသင့်ပါတယ်။
Healthcare.com.mm
Ref: ပါရမီအထွေထွေရောဂါကုဆေးရုံ လက်ကမ်းစာစောင်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
