Print

အန္တရာယ်ရှိလောက်အောင် သွေးတိုးနေကြောင်း စောစောစီးစီး သတိပေးလက္ခဏာများ

  01-Mar-2017
Preview Image

 

သွေးဖိအားဆိုတာက သွေးကြောနံရံတွေကို သွေးရဲ့တွန်းအားဖြစ်ပြီး တွန်းအားများလွန်းတာကို သွေးတိုးတယ်လို့ ခေါ်ပါတယ်။ သွေးဖိအားက အန္တရာယ်ရှိလောက်အောင် မြင့်မားနေရင်တောင် တချို့လူတွေမှာ ဘာလက္ခဏာမှ မပြသတဲ့အတွက် သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမားလို့လည်း ခေါ်ပါတယ်။ သွေးဖိအားကို တိုင်းတာရာမှာ အပေါ်ဖိအားနှင့် အောက်သွေးဖိအားဆိုပြီး နှစ်မျိုးရှိပါတယ်။ သွေးဖိအားဟာ ပုံမှန်လူတွေမှာ ၁၂၀ / ၈၀ ရှိရပါမယ်။၁၂၀ - ၁၃၉ / ၈၀ - ၈၉ ကို သွေးတိုးအကြိုလို့ သတ်မှတ်ပြီး ၁၄၀-၁၅၉ / ၉၀-၉၉ ကို အဆင့် (၁) သွေးတိုးရောဂါလို့ သတ်မှတ်ပါတယ်။ ၁၆၀ နဲ့အထက် / ၁၀၀ နဲ့အထက်ကို အဆင့် (၂) သွေးတိုးရောဂါလို့ သတ်မှတ်ပါတယ်။ အောက်ပါ လက္ခဏာတစ်ချို့တွေက သွေးဖိအား အလွန်မြင့်တက် (သွေးအလွန်တိုး) နေတဲ့အခါမှာ ပြတတ်ပါတယ်။

 

• ခေါင်းကိုက်ခြင်း
• ရင်ဘတ်အောင့်ခြင်း
• နှာခေါင်းသွေးလျှံခြင်း
• အမြင်အာရုံပြောင်းလဲခြင်း
• မောပန်းခြင်း
• နားမှအသံကြားရခြင်း

 

သင်ရဲ့သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက် ၅၀ အရွယ်မှာ ပုံမှန်သွေးဖိအားရှိသူတွေက သွေးတိုးရောဂါရှိသူတွေထက် သက်တမ်းငါးနှစ် ပိုရှည်နိုင်တာကြောင့်ပါ။ 

 

သွေးဖိအားမြင့်တက်ခြင်း (သွေးတိုးခြင်း) ၏ နောက်ဆက်တွဲပြဿနာများ

အမေရိကန်နိုင်ငံမှာ သွေးတိုးရောဂါကြောင့် သေဆုံးသူပေါင်းဟာ နေ့စဉ် ၁၀၀၀ နီးပါးခန့် ရှိတယ်လို့ သိရပါတယ်။ သွေးဖိအား မြင့်တက်တာကြောင့် အောက်ပါ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေ ဖြစ်နိုင်ခြေများပါတယ်။

 

၁။ နှလုံး အလုပ်မလုပ်နိုင်ခြင်း

နှလုံး အလုပ်မလုပ်နိုင်တဲ့သူ ၁၀ ယောက်မှာ ခုနစ်ယောက်ခန့်က သွေးတိုးရောဂါရှိပါတယ်။

 

၂။ မှတ်ဉာဏ် ဆုံးရှုံးခြင်း

သွေးတိုးရောဂါရှိသူတွေမှာ မှတ်ဉာဏ်မကောင်းတာ ဒါမှမဟုတ် စဉ်းစားတွေးခေါ်ဉာဏ် နည်းပါးတာတွေ ဖြစ်တတ်ပါတယ်။

 

၃။ မျက်စိ်ပြဿနာ

သွေးတိုးတာကြောင့် မျက်စိတွင်းမှ သွေးကြောတွေ ထူထပ်ကာ ကျဉ်းမြောင်းသွားတာကြောင့် အမြင်ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

 

၄။ သွေးကြောထုံးခြင်း (Aneuyrism)

သွေးတိုးတာ များလွန်းတာကြောင့် သွေးကြောနံရံတွေ အားနည်းသွားကာ ပူဖောင်းသဏ္ဍာန် ဖြစ်ပေါ်လာပါတယ်။ ပေါက်သွားရင် အသက်အန္တရာယ်ရှိပါတယ်။

 

၅။ နှလုံးတိုက်ခိုက်ခံရခြင်း

သွေးတိုးရောဂါရှိသူ ၁၀ ယောက်မှာ ခုနစ်ယောက်က နှလုံးတိုက်ခိုက်ခံရတတ်ပါတယ်။

 

၆။ Metabolic လက္ခဏာစု

သွေးတွင်း ထရိုင်ဂလစ်စရိုက် ပမာဏမြင့်မားတာ၊ ဝမ်းဗိုက်ပူတာ၊ သွေးဖိအား မြင့်တက်တာ ဒါမှမဟုတ် သွေးတွင်းကောင်းတဲ့ ကိုလက်စထရော ပမာဏနည်းတာ စတဲ့လက္ခဏာတွေထဲက သုံးမျိုးရှိနေရင် Metabolic လက္ခဏာစုလို့ ခေါ်ပါတယ်။ သွေးဖိအားမြင့်တက်သူတွေက ဒီလက္ခဏာစု ဖြစ်နိုင်ခြေ မြင့်မားပါတယ်။

 

၇။ လေဖြတ်ခြင်း

လေဖြတ်သူ ၁၀ ယောက်မှာ ရှစ်ယောက်ခန့်က သွေးဖိအားမြင့်တက်မှု လွန်ကဲကြပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, April 2016, Pg.73



Related Articles


Advertisment 18