ဆီးကျိတ်ကြီးထွားမှုကို ကုသရာမှာ
01-Mar-2017
ဆီးကျိတ်ကြီးထွားနေသူကို ဘယ်လိုကုသပေးနိုင်ပါသလဲ၊ ဆီးကျိတ်ကြီးထွားနေသူတိုင်းကို ကုသပေးဖို့ မလိုပါဘူး။ ဆီးကျိတ်ကြီးနေပေမဲ့ ဘာရောဂါလက္ခဏာမှ မပြဘူး ၊ ကျန်းမာစွာနဲ့ မိမိလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နိုင်သူတွေအတွက် အထူးတလည် ကုသစရာ မရှိပါဘူး။ ဆီးကျိတ်ကြီးထွားသူ ၅၀% ခန့်ဟာ ကုသစရာ မလိုသူတွေ ဖြစ်ပါတယ်။ တချို့လူနာတွေမှာတော့ ဆီးကျိတ်ကြီးထွားပြီး မကြာခဏ ဆီးသွားရသူ ၊ ဆီးသွားရတာခက်ခြဲ့ပီး ၊ ဆီးမထိန်းနိုင်သူတွေမှာတော့ ဦးစွာဆီးအိမ်ညှစ်အားကောင်းစေတဲ့ Minipress-Duracard, Finest စတဲ့ ဆေးတွေပေးခြင်းဖြင့်ရောဂါလက္ခဏာများ သက်သာသွားနိုင်ပါတယ်။ ဒီလို Conservative နည်းနဲ့ကုသပေမဲ့ မသက်သာတဲ့အခါမှာတော့ ခွဲစိတ်ကုသနည်းတစ်မျိုးမျိုးနဲ့ ကုသပေးနိုင်ပါတယ်။
စာရေးသူတို့ ငယ်စဉ်ကတော့ ကြီးမားနေတဲ့ ဆီးကျိတ်အစိတ်အပိုင်းကို ခွဲစိတ်ထုတ်ပစ်ခြင်း Prostatectomy လုပ်ပေးကြပါတယ်။ ခွဲစိတ်တာက ကြီးမားပြီး ပိုးဝင်ကာ ဒုက္ခပေးပြီး သွေးထွက်တတ်လို့ ယခုခေတ်မှာတော့ သိပ်မသုံးမပြုတော့ပါဘူး။ ဒါပေမဲ့ ဆီးအိမ်နဲ့ ဆီးပြွန်အတွင်း တိုးဝင်ကြီးထွားတဲ့ အစိ်တ်အပိုင်းကို Resectoscope ဆိုတဲ့ကိရိယာ အသုံးပြုပြီး ခြစ်ထုတ်ပေးတဲ့အခါမှာ မြန်မြန်ဆန်ဆန်နဲ့ နောက်ဆက်တွဲရောဂါ အဖြစ်နည်းပြီး သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ဒီလိုခွဲစိတ်ကုသနည်းကို TUR (Trans Urethral Resection)လို့ ခေါ်ပါတယ်။ Video Camera တပ်ပြီး TV Monitor အကူအညီနဲ့ ခွဲစိတ်မူကတော့ ဆီးရောဂါကု သမားတော်တွေအတွက် Gold Standard ပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဆီးလမ်းကြောင်းက ကျဉ်းသွားပြီး ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတာမို့ ဒီဆီးလမ်းကြောင်းထဲ ထိုးဝင်နေတဲ့ ဆီးကျိတ်အစိ်တ်အပိုင်းတွေကို လေဆာဖြင့် ဖျက်ဆီးခြင်း၊ အသံလှိုင်းဖြင့် ဖျက်ဆီးခြင်း ၊ လျှပ်စစ်အပူပေးခြင်းတို့ဖြင့်လည်း ကုသပေးနိုင်ကြပါတယ်။
ဘယ်လိုနည်းနဲ့ ခွဲစိတ်ကုသပေးရမယ်ဆိုတာကိုတော့ လူနာရဲ့ ပကတိကျန်းမာရေးအခြေနေအပြင် ဆီးကျိတ်ရဲ့အနေအထားကို Cystoscopy ခေါ်တဲ့ ဆီးအိမ်အတွင်းကို တိုက်ရိုက်စစ်ဆေးကြည့်ရူပြီး သုံးသပ်ဆုံးဖြတ်ကြရပါတယ်။ အထူးသဖြင့်တော့ ဆီးကောင်းစွာ မသွားနိုင်ဘဲ ဆီးမကြာခဏသွားရလို့ အထူးသဖြင့် ညဘက်မှာအိပ်ရေးမဝဘဲ ကျန်းမာရေး ထိခိုက်လာတဲ့အခါ ဆီးအကျန်များပြီး ဗက်တီးရီးယားပိုးဝင်ကာ ဆီးအိမ်ရောင်ရမ်းစ ပြုလာတဲ့အခါ သာမန်ဆေးများဖြင့် မသက်သာလှတဲ့အခါ၊ ဆီးအိမ်ကျောက်ကပ်တွေ ပျက်စီးယိုယွင်းလာတဲ့အခါတွေမှာ ခွဲစိတ်ကုသကြရပါကြောင်း သာမန်ဆီးကျိတ်ကြီးထွားမှုကို ကုသနိုင်ကြောင်းကို အသိပေးလိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးမြသိန်းဟန် ခွဲစိတ်အထူးကုဆရာဝန်ကြီး
ZIWAKA ,November 2014
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
