Tapeworm (သန်ပြားကောင်)
27-Feb-2017
Tapeworm (သန်ပြားကောင်)
သန်ပြားကောင် ဆိုသည်မှာ လူ၏ အူအတွင်းတွင် နေထိုင်ပြီး ရောဂါ ဖြစ်စေသည့် ကပ်ပါးကောင် အမျိုးအစား တစ်မျိုး ဖြစ်သည်။
လက္ခဏာများ
- ပျို့အန်ခြင်း
- အစား အသောက် ပျက်ခြင်း
- အားအင် ချည့်နဲ့ခြင်း
- ဗိုက်အောင့်ခြင်း
- ဝမ်းလျှောခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်း
- ဖျားနာခြင်း
- ခန္ဓာကိုယ်တွင် အလုံးပေါ်ခြင်း
- ဓာတ်မတည့်ခြင်း၊ ယားယံခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
မသန့်ရှင်းသော အစားအသောက်များ၊ အသားစိမ်း၊ ငါးစိမ်းများကို စားမိရာမှ တဆင့် ဖြစ်ပွားနိုင်သည်။ ဥပမာ- ဝက်သား၊ အမဲသား၊ ငါး။
ဖြစ်နိုင်ချေ များသူများ
- တကိုယ်ရည် သန့်ရှင်းမှု အားနည်းသူများ
- မသန့်ရှင်းသော နေရာသို့ ခရီး သွားသူများ
- မချက်ပြုတ်ထားသော သို့မဟုတ် ကောင်းမွန်စွာ မချက်ထားသော အသားများကို စားသုံးသူများ
- သန်ပြားကောင် အဖြစ်များသော နေရာ ဒေသတွင် နေထိုင်သူများ၊ ဥပမာ-အရှေ့တောင်အာရှ၊ အာဖရိက။
နောက်ဆက်တွဲ ပြဿနာများ
Cysticercosis - သန်ပြားကောင်၏ သားလောင်းပေါက်ကြောင့် အူထဲတွင် သာမက အဆုတ်၊ အသည်း၊ မျက်လုံး၊ ဦးနှောက်ထဲတွင်ပါ ဖြစ်နိုင်ပါသည်။
Hydatid cyst - ခွေးတွင် ဖြစ်သော သန်ပြားကောင်ကြောင့် ဖြစ်လျှင် အဆုတ်၊ အရိုး၊ အသည်းတို့တွင် ဖြစ်နိုင်သည်။
အူပိတ်ခြင်း - အူထဲတွင် သန်ပြားကောင် များပြားစွာ ပွားများနေပါက အူအတက်၊ သည်းခြေပြွှန် စသည်တို့ ပိတ်နိုင်သည်။
စစ်ဆေးမှုများ
- ဝမ်းစစ်ခြင်း
- သွေးစစ်ခြင်းနှင့်
- ဓာတ်မှန်ရိုက်ခြင်း - ခန္ဓာကိုယ် အတွင်းရှိ ကလီစာများထဲတွင် သန်ပြားကောင်ကြောင့် ဖြစ်ပေါ်သည့် အလုံးရှိ မရှိ စမ်းသပ်ခြင်း။
ကုသခြင်း
သန်ကျဆေး သောက်ရမည်။ ဆေးသောက်နေစဉ် အတွင်း တကိုယ်ရည် သန့်ရှင်းမှုကို အလေးထားရမည်။ သန်ပြားကောင်သည် အူထဲတွင် သာမက အခြားနေရာများ တွင်ပါ တည်ရှိနေပါက (သို့) အလုံးတည်နေပါက သန်ကျဆေး သောက်ရုံသာ မက အခြား လိုအပ်သည့် ကုသမှုများ ကိုပါ ပြုလုပ်ရမည်။ ဥပမာ- ဦးနှောက် အတွင်း အလုံးတည်ပြီး အတက်ရောဂါ ရနေပါက အတက်ကျ ဆေးသောက်ရမည်။ အဆုတ်နှင့် အသည်းတွင် အလုံး ဖြစ်ပေါ်နေပါက ဆေးသောက်ရုံနှင့် မပျောက်ကင်းပါက ခွဲစိတ်နည်းဖြင့် ကုသရမည်။
ကာကွယ်ခြင်း
အစား မစားခင်နှင့် အိမ်သာတက်ပြီးတိုင်း လက်ကို စင်ကြယ်စွာ ဆေးကြောရမည်။
သန်ပြားကောင် ရောဂါ အဖြစ်များသော နေရာများကို ခရီးသွားမည် ဆိုပါက ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို စင်ကြယ်စွာ ဆေးကြောပြီးမှ စားသောက်ပါ။
လူနှင့် တိရိစ္ဆာန် အညစ်အကြေးများကိုု စနစ်တကျ စွန့်ပစ်ပါ။
ရေခဲသေတ္တာထဲတွင် အသား ဆိုပါက အနည်းဆုံး ၁၂ နာရီနှင့် ငါးဆိုပါက အနည်းဆုံး၂၄နာရီ ခဲအောင် ပြုလုပ်ပေးခြင်းဖြင့် သန်ပြားကောင် နှင့်တကွ သားလောင်းများကို သေစေနိုင်ပါသည်။ မချက် မပြုတ် ထားသော အသားစိမ်း၊ ငါးစိမ်း စားခြင်းကို ရှောင်ကြဉ်ပါ။
သန်ပြားကောင်ပိုး ရှိသော ခွေးအား စနစ်တကျ ကုသပါ။
Dr.hp
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo clinic
NHS choices
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
