စိတ်ကစဉ့်ကလျားရောဂါ
15-Jul-2017
ကစဉ့်ကလျားဟူသော မြန်မာစကားသည် ဖရိုဖရဲဖြစ်ချင်သလို ဖြစ်နေသည့် အခြေအနေမျိုးအတွက် အသုံးပြုလေ့ရှိသောစကားများ ဖြစ်ပါသည်။ အနောက်တိုင်း ဆေးပညာတွင် Schizophrenia ဆိုသည့် ရောဂါတစ်မျိုးရှိပါသည်။ မြန်မာလို စိတ်ကစဉ်ကလျားရောဂါဟု ပြန်ဆိုကြပါသည်။ စိတ်ကစဉ့်ကလျားရောဂါ တွင်မူ စိတ်လုပ်ငန်းများသည် မူမမှန်ဖြစ်ကြ၏။ ဖောက်ပြန်ပြောင်းလဲနေကြ၏။ စိတ်သဘောထားများ မမှန်ကန် ဖောက်ပြန်နေခြင်းကြောင့် အပြောအဆိုနှင့် အမူအရာလှုပ်ရှားမှုသည် ကျွန်တော်တို့ နားမလည်နိုင်သော၊ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်က လက်ခံထားသော “စံ” နှင့် လွဲချော်နေသောအဖြစ်သို့ ရောက်တော့လေ၏။
စိတ်ကစဉ့်ကလျားရောဂါသည် ကျား၊ မ မရွေးဖြစ်တတ်သော ရောဂါဖြစ်၏။ အသက် ၂၀ ကျော် အရွယ်များတွင် အဖြစ်များ၏ လူ ၁၀၀ လျှင် တစ်ယောက်ဖြစ်နိုင်သည်ဟု သုတေသီတို့က ဆိုကြ၏။ အကြောင်းပေါင်းစုံကဖြစ်တတ်သော (Heterogeneous Causes ရောဂါတစ်မျိုးဟူဟော ယူဆနိုင်ပါသည်။ ဦးနှောက်အတွင်း ပြောင်းလဲမှုများ မျိုးရိုးဗီဇ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အကြောင်းအရာတို့သည် ဤရောဂါဖြစ်စေတတ်သော အကြောင်းများဟု ဆိုကြသည်။
ဦးနှောက်၏ အချို့အစိတ်အပိုင်းများ ချို့ယွင်းသောကြောင့်လည်း ဖြစ်နိုင်သည်။ ဦးနှောက်လုပ်ငန်း အတွက် အရေးကြီးသော အာရုံကြော ဓာတ်ကူးပစ္စည်းများ (Neurotransmitters) ၏ မူမမှန်ဖြစ်နေမှု များကြောင့်လည်း တွေ့ရနိုင်သည်။ ဤရောဂါသည် မျိးရိုးလိုက်တတ်သော ရောဂါတစ်မျိုးလည်းဖြစ်ပါသည်။ စိတ်ပိုင်းနှင့် လူမှုရေးဆိုင်ရာအကြောင်းများ ငယ်စဉ်ကလေးဘဝ၌ တွေ့ကြုံခဲ့ရသော မိသားစုအခြေအနေ ကြောင့်သော်လည်းကောင်း ခွဲခွဲခြားခြား အရေးပေး ခင်တွယ်တတ်သော မိသားစုမျိုး (Schism and Skewed Families) ကြောင့် သော်လည်းကောင်း ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရင့်ကျက်မှုကို ထိခိုက်စေတတ်ပြီး ကြီးလာသောအခါ ရောဂါဖြစ်စေနိုင်သည်။
ဤရောဂါသည် ဖြစ်လိုက်ပျောက်လိုက် (Recurrence and remission) ဖြစ်တတ်သော သဘောရှိသည်။ တစ်ခါဖြစ်ပြီး လုံးဝပြန်မဖြစ်တော့ဘဲ ကောင်းသွားသော လူနာများလည်းရှိပါသည်။ ဤရောဂါကို ကုသသော နည်းများမှာ အဓိကအားဖြင့် သုံးမျိုးရှိပါသည်။ ဆေးဝါးဖြင့်ကုသခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကုသနည်းနှင့် လူမှုရေးပိုင်းဆိုင်ရာ ကုသနည်းဟူ၍ ဖြစ်ပါသည်။ စိတ်ဖောက်ပြန်သည့် လက္ခဏာများ (ဥပမာ - Hallucination, Delusion) အတွက် စိတ်ဖောက်ပြန် ကုသဆေးများ (Antipsychotics) ဆေးများကို အသုံးပြုနိုင်၏ ဤဆေးများသည် မလိုလားအပ်သော အာနိသင်များ (Side effect ) ရှိတတ်သဖြင့် တတ်ကျွမ်းသူများသာ အသုံးပြုသင့်ပါသည်။ ဤဆေးဝါးများဖြင့် မသက်သာခဲ့သော် ECT ခေါ် ဓာတ်နှိပ်ကုသခြင်းကို တစ်ခါတစ်ရံ အသုံးပြုရတတ်၏။
စိတ်ပိုင်းဆိုင်ရာ ကုသခြင်းတွင် “ဆု” ပေးသည့် ကုသနည်း (Token Economics) လုပ်ငန်းဖြင့် ကုသနည်း (Occupational Treatment)၊ အုပ်စုကုထုံး (Group Therapy) နှင့် တစ်ဦးချင်းကုထုံး (Indiviual Psychotherapy) စသည့် စိတ်လူမှုကုသနည်းများ (Psychosocial therapices) ကို အထူးကုဆေးရုံကြီး များတွင် အသုံးပြုလျက်ရှိပေသည်။ စိတ်အထူးကု ဆေးရုံကြီးများနှင့် အလှမ်းဝေးသော လူနာများအတွက်မှု လူနာ၏ မိသားစုသည် အဓိကအရေးကြီးသော ကဏ္ဍတွင်ပါဝင်ပါသည်။ မိမိသွေးသားတစ်လျှောက် ဤရောဂါကြောင့် လောကကြီးတွင် အပယ်ခံဘဝ မရောက်ရလေအောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ရှိပါသည်။ စာဖတ်သူမှတ်သားရလွယ်စေရန် အလို့ငှာ အောက်ပါအချက်များကို တင်ပြလိုက်ရပါသည်။
၁။ ဤစိတ်ကျရောဂါသည် စနစ်တကျ ကုသလျှင် သက်သာပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်ကို နားလည်ထားသင့်ပါသည်။
၂။ ဤရောဂါဖြစ်နေပြီဟု ထင်လျှင် ရှက်စရာအဖြစ်ဟု သဘောမထားဘဲ တတ်ကျွမ်းသည့် ပညာရှင်များနှင့် အမြန်ဆုံးဆွေးနွေးပြသသင့်ပါသည်။
၃။ ဆရာဝန်ညွှန့်ကြားသည့်အတိုင်း ဆေးပတ်လည်အောင် ကုသသင့်ပါသည်။ စိတ်ရောဂါအများစုသည် လချီ နှစ်ချီ ကုသရသည့် သဘောရှိပါသည်။
၄။ မကြာခဏ ပြန်ဖြစ်တတ်သည့်အတွက် ဆေးနှင့်ထိန်းထားခြင်း (Maintenance Treatment) နှင့် သင့်လျော်သည့် စိတ်လူမှုပြုပြင်ခြင်း (Psychosocial Interventions) တို့ကို ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါသည်။
၅။ လူနာအား ပစ်ပယ်ထားခြင်း၊ အနိုင်ကျင့်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းမျိုး (လုံးဝ) မလုပ်သင့်ပါ။ ရောဂါအခြေအနေ ပိုမိုဆိုးရွားနိုင်ပါသည်။ ထို့ကြောင့် လူနာကို စာနာသနားသင့်ပါသည်။
Credit:
ဒေါက်တာဟန်စိန်
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
