အယ်လ်ဇိုင်းမားရောဂါနှင့် သက်ကြီးရွယ်အို စိတ်ချွတ်ယွင်းမှု
28-Feb-2017
အယ်လ်ဇိုင်းမားရောဂါနှင့် သက်ကြီးရွယ်အို စိတ်ချွတ်ယွင်းမှု
အသက်ကြီးလာသောအခါ ဦးနှောက်လည်း ချွတ်ယွင်းလာသည်။ အသိဉာဏ်၊ မှတ်ဉာဏ်၊ ဝေဖန်မှု၊ ပေါင်းသင်းဆက်ဆံရေး တဖြေးဖြေးချို့ယွင်းလာသည်။ မနေ့က အဖြစ်အပျက်များကို ယနေ့မမှတ်မိ။ ယနေ့အဖြစ်အပျက်များကိုလည်း ပြန်မပြောနိုင်။ ပြောရန် စကားလုံးလည်း ရှာမတွေ့။ စကားလုံးတွေက နည်းနည်းလာသည်။ လူနာမည်တွေလည်း မေ့လာသည်။ တစ်ခါတစ်ရံ မိမိဘယ်ရောက်နေမှန်းမသိ။ ဘယ်သွားရမှန်းမသိ။ အဝတ်အစားပင် ဂရုမစိုက်ချင်။ ဤသို့ဖြစ်သည်မှာ အသက်ကြီးလာ၍ (Old Age) ဖြစ်သည်။ အသက် ၆၅ နှစ် မကျော်မီဖြစ်က သက်ကြီးရွယ်အို အံကြို (PRE-SENLE)၊ အသက် ၆၅ နှစ်ကျော်က သက်ကြီးရွယ်အို (Senile) ဖြစ်စဉ်ကတော့ အတူတူပင်ဖြစ်သည်။
ရောဂါလက္ခဏာများ
ရောဂါစဖြစ်သည်မှာ မသိမသာ။ ဖြည်းဖြည်းချင်းသာ။ ပထမ ဟိုဟာမေ့၊ ဒီဟာမေ့။ အမေ့ဆုံးက ယနေ့မှတ်ဉာဏ် (Recent Memory)။ ငယ်စဉ်က အဖြစ်အပျက်တွေကို ပိုတောင်မှတ်မိသေး (Good Past Memory)။ ဤသည်မှာ မှတ်ဉာဏ်နှင့်ဆိုင်သော နားထင်လုံးအတွင်းရှိ ဟစ်ပိုကမ်းပက်စ် (Hippocampus) ပျက်စီး၍ ဖြစ်သည်။ ဤမွဲပြာသား (Grey Cortex) သည် လိင်စိတ်၊ အပြုအမူကိုလည်း ထိန်းသဖြင့် ဤရောဂါရလျှင် လိင်စိတ်မှာ ပြောင်းလဲတတ်သည်။ မလုပ်သင့်သော အမှုကို လုပ်မိတတ်သည်။ ကြာလျှင် မိမိ၏အဝတ်အစားကိုပင် ကျနစွာ မဝတ်စားခြင်း၊ ကြယ်သီးမတပ်တတ်၊ အဝတ်အစား ဖရိုဖရဲ။ မှတ်ဉာဏ် မကောင်းတော့၍ အချက်အလက်များ မမှတ်မိ။ စာမသင်နိုင်၊ ကိုယ်ပိုင်အလုပ် မလုပ်နိုင်။ သူများကို မှီခိုရတော့သည်။ သို့ဖြင့် တစ်ယောက်တည်း နေလာတတ်၏။ စိတ်ဓာတ်ကျ၍ စိတ်ကျရောဂါ (Depression) ရနိုင်သည်။ ညတွင် အိပ်မပျော်တစ်ခုခုကို လိုက်ရှာနေတတ်သည်။
ဖြစ်တတ်သော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) သတိမေ့ခြင်း အထူးသဖြင့် ယခုချက်ချင်းဖြစ်သော အကြောင်းအရာများ၊
(၂) အမည်များ မေ့ခြင်း
(၃) ချိန်းဆိုချက်များ ပျက်ခြင်း
(၄) ငွေစာရင်း မတွက်နိုင်ခြင်း
(၅) မိမိအလုပ်တာဝန်များကို မေ့ခြင်း
(၆) ကားမောင်းလျှင် ဦးတည်ရာအရပ် မေ့ခြင်း၊ ကားရပ်ထားသည်ကို မေ့ခြင်း
(၇) စာရေးစာဖတ် ခက်ခြင်း
(၈) ရေချိုးခြင်း၊ အဝတ်အစားလဲခြင်းကို မေ့ခြင်း
(၉) သူများကို မကောင်းထင်ခြင်း
(၁၀) စိတ်တိုခြင်း၊ အော်ဟစ်ခြင်း၊ ရန်ဖြစ်ခြင်း
(၁၁) အိပ်ချိန်မှားခြင်း
(၁၂) ကြာလျှင်လူက မှုန်သိုးသိုး၊ အဝတ်အစားမလဲ၊
(၁၃) ဆီးမထိန်းနိုင်
(၁၄) လမ်းမလျှောက်နိုင်
(၁၅) တက်ခြင်း၊ အစာမစားနိုင်ခြင်း
ရောဂါဖြစ်ရခြင်း အကြောင်းရင်း (Pathology)
နဖူးနှင့် နားထင်ဦးနှောက်လုံး (Frontal And Temporal Lobes) များတွင် ဦးနှောက်သားများနည်း အမျှင်များ များလာသည်။ အမိုင်းလွိုက် (Amyloid) ပစ္စည်းများရှိလာ၏။ ဦးနှောက်တွင်း လိုဏ်ခမ်းများ (Ventricle) ကျယ်လာသည်။ ဦးနှောက်ကာလှိုင်းဘု (Cortical Gyri) များတိမ်လာ၊ နည်းလာသည်။ ဤသည်ကို CT SCAN လုပ်ကြည့်က သိသာသည်။ ဦးနှောက်သေးသွားတယ်ဟု လူတွေကပြောကြသည်။
ထိုအချိန်၌ လူနာ၏ အသိဉာဏ် (Intellect) ကို စမ်းကြည့်လျှင် IQ မှာ ၁၀၀ အောက်မှာသာရှိသည်။ ဒေါင်းလက္ခဏာစု ဖြစ်သောကလေးများလိုပင် ဖြစ်၏။ IQ ၈၀ ဝန်းကျင် ၉၀ အောက်။ မှန်သည်။ ဒေါင်းလက္ခဏာစုရောဂါရှင်များနှင့် သူတို့ တူညီကြသည်။ ဤရောဂါငယ်ငယ်မှာရလျှင် AD-1 အသက်ကြီးလာမှရလျှင် AD-2 ဟုခေါ်သည်။ အသက်ကြီးမှ ဖြစ်လျှင် ပိုအိုလာလျှင် စကားမပြောနိုင်ခြင်း၊ ကိုယ်ခြေလက်တင်းခြင်း (SPASM) တို့ပါဖြစ်လာသည်။ တက်ပင်တက်နိုင်၏ (Epileptic Seizures)။
ဤရောဂါဖြစ်သည်မှာ ဦးနှောက်ထဲတွင် အက်စီတိုင်းကိုလင်း (Acetyl Choline) နည်း
၍ဖြစ်သည်။ နာဗ်ကြောမျှင် (အာရုံကြောမျှင်) လုံးများ (Neurofibrillar plaque) နဲ့ ဒန်သတ္တု (Alumininum) ကိုလည်း တွေ့ရသည်။ ယင်းသတ္တုဓာတ်များနေ၍ ဤရောဂါရသည်ဟု အချို့က ထင်ကြ၏။ သို့ဖြစ်၍ ဒန်အိုးနှင့် ချက်စာကို ရှောင်ကြသည်။ သို့သော် သိပ္ပံနည်းကျ ဆက်သွယ်မှု မပြနိုင်သေးပါ။
သက်ကြီးရွယ်အို စိတ်ချွတ်ယွင်းမှုကိုဖြစ်စေသော အခြားအကြောင်းများ
(၁) လူဝီးပစ္စည်းရှိ စိတ်ချွတ်ယွင်းရောဂါ (Dementia with Lewy's Bodies)
(၂) သွေးကြောပြတ်ပိတ်၍ဖြစ်ခြင်း
(၃) အရက်နှင့် မူးယစ်ဆေးများ ဥပမာ ဟဲရိုးယင်း
(၄) ဦးနှောက်ရောဂါများ ဥပမာ ကင်ဆာ၊ မြင်းဖု၊ Hydrocephalus၊ သွေးခဲဥ၊
(၅) Hyntington’s Chorea ဟန်တင်တန် ကိုယ်လှုပ်ရောဂါ
(၆) Pick’s disease ပိစ်ရောဂါ
(၇) Creut-2 Feldt-Jarob’s Disease နွားရူးရောဂါ
(၈) HIV-AIDS ကိုယ်ခံအားလျော့ရောဂါ
(၉) ဆစ်ဖလစ် ကာလသားရောဂါ
(၁၀) ဗီတာမင်ဘီ ချို့တဲ့မှု
(၁၁) သိုင်းရွိုက်အကျိတ် အလုပ်မလုပ်ခြင်း။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် ဦးနှောက်အာရုံကြောနှင့် စိတ်ရောဂါ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
