Print

ရာသီပေါ်စဉ် ဗိုက်နာစဉ်

  22-Nov-2017
Preview Image

အမျိုးသမီးတိုင်း လစဉ်ရာသီသွေးပေါ်လေ့ရှိပါတယ်။ ရာသီသွေးပေါ်ခြင်းဟာ သားအိမ်နံရံအတွင်းမှာရှိတဲ့ အလွှာပါးကွာကျလာခြင်းကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဟော်မုန်းတန်ခိုးပါပဲ။ ရာသီသွေးဆင်းဖို့ သားအိမ်ကညှစ်ပေးရတယ်။ အဲဒီလိုဖြစ်ဖို့ မဟော်မုန်းတွေက လုပ်ဆောင်ပေးရတယ်။ အပျိုဖော်ဝင်ပြီး အမျိုးသမီးတွေရဲ့ ရာသီနဲ့ပတ်သက်တဲ့ ရောဂါတွေခံစားရလေ့ရှိတယ်။ ရာသီမလာခင် ခံစားရတဲ့ လက္ခဏာတွေကို Premenstrual Syndromes(PMS) လို့ခေါ်ပါတယ်။ အမျိုးသမီး ၄၀ရာခိုင်နှုန်းလောက်မှာ ဒီလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။ 


တစ်ခါဖြစ်ရင် ၄-၅ ရက်ခန့်ကြာတယ်။ လက္ခဏာတွေက - 

၁ - ရင်သားတင်းခြင်း

၂ - ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

၃ - အစာအိမ်နာခြင်း

၄ - စိတ်ဂနာမငြိမ်ဖြစ်ခြင်း

၅ - မောပန်းနုံးချည့်ခြင်း

၆ - ၀က်ခြံထွက်ခြင်း စတာတွေဖြစ်ပါတယ်။


အမျိုးသမီးတွေရဲ့ထက်ဝက်ခန့်ဟာ ရာသီမလာခင် ဗိုက်နာတာမျိုးရှိတတ်ပါတယ်။ ဆေးပညာလို Dysmenorrhoea လို့ခေါ်ပါတယ်။ Prostagladin ရဲ့ အာနိသင်ကြောင့်ဖြစ်ရတာပါ။ ဗိုက်နာတဲ့အခါ ၀မ်းဗိုက်အောက်ပိုင်း ဆီးစပ်(သို့) ခါးနေရာက နာတယ်။ အများစုဟာ ရာသီမလာခင် ၁- ၂ ရက်လောက်စောပြီး နာတတ်တယ်။ တစ်ခါနာရင် ၃-၄ရက်လောက်ကြာတယ်။ ကံဆိုးတဲ့ အမျိုးသမီး ၁၀ ရာခိုင်နှုန်းကတော့ အိပ်ရာထဲက မထနို်င်အောင် ပြင်းပြင်းထန်ထန်နာကျင်လေ့ရှိတယ်။


ဗိုက်နာရင် ဘာလုပ်မလဲ

- ၀မ်းဗိုက်အောက်ပိုင်း (သို့) ခါးမှာ ရေနွေးအိတ်ကပ်ပါ။

- ဗိုက်ကို ညင်သာစွာ နှိပ်ပေးနိုင်တယ်။ ရေနွေးနဲ့ရေချိုးနိုင်တယ်။

- အိပ်နေစဉ် ခြေထောက်ကိုမြှင့်ထားပါ။

- ယောဂ (သို့) အပေ့ါစားလေ့ကျင့်ခန်း တစ်ခုခုလုပ်ပါ။

- ပျော့တဲ့အစားအသောက်၊ စွပ်ပြုတ်သောက်ပေးသင့်တယ်။

- ဗီတာမင်အီး အားဖြည့်ဆေးသောက်ပါ။

- Vitamin B6, Vitamin B1, Calcium, Magnesium ပါတဲ့အားဆေးတွေက အကျိုးရှိပါတယ်။ 

- Omega 3၊ ဆည်းဆာခင်နှင်းဆီ (EPO) ပါတဲ့ဆေးတွေက ရာသီကိုင်လက္ခဏာတွေကို သက်သာစေတယ်။

- နီတဲ့အသား၊ အချို၊ အငန်၊ အရက်၊ ဆေးလိပ်၊ ဘီယာ၊ ၀ိုင် စတာတွေရှောင်ပါ။ 


ဘယ်ဆေးတွေသောက်မလဲ

- Mefenamic acid ပါတဲ့ဆေးတွေက အသုံးအများဆုံးပဲ။ Dolfennal လို့ပြောရင်လူပိုသိပါတယ်။ 250-500mg တစ်နေ့ တစ်ကြိမ်-သုံးကြိမ်သောက်ပါ။

- ရာသီများရင် Tranexamic acid ပါတာမျိုးသောက်သင့်တယ်။ တစ်နေ့ ၂-၃ကြိမ် သောက်နိုင်တယ်။ ဆေးသောက်ပြီး ရာသီသွေးနည်းသွားတတ်တယ်။ 

- Golfen (Ibuprofen) အကို်က်အခဲပျောက်ဆေးကို တစ်နေ့သုံးကြိမ်သောက်နိုင်တယ်။

- ဗိုက်အရမ်းနာရင် Meftalspas သောက်ဆေးကတော့ အကောင်းဆုုံးပါပဲ။ တစ်နေ့သုံးကြိမ်လောက်ပါ။

- ဆည်းဆာခင်နှင်းဆီ (EPO) နဲ့ Vitamin E အားဆေးတွေဟာ ရာသီကိုင်လက္ခဏာတွေကို လျော့ပါးသက်သာစေတယ်။ ရာသီမပေါ်ခင် ၄-၅ ရက်ကြိုသောက်ထားဖို့လိုပါတယ်။


Dr. Oliver

Credit: ဒေါက်တာအေးမင်းထူး 

ZIWAKA magazine



Related Articles


Advertisment 18