စပျစ်သီးသန္ဓေ(Molar Pregnancy)အကြောင်း သိကောင်းစရာ
30-Oct-2016
ဒီတစ်ခါတော့ အမျိုးသမီးတွေအတွက် စပျစ်သီးသန္ဓေအကြောင်းကို တင်ပြပေး လိုက်ပါတယ်။ စပျစ်သီးသန္ဓေကို Molar Pregnancy လို့လည်း ခေါ်ကြပါတယ်။ ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဖြစ်လည်း မများပါဘူ။ တစ်ချို့ကတော့ ဒီရောဂါအကြောင်းကို ကြားဖူးယုံသာ ကြားဖူးပြီး တချို့ကတော့ လုံးဝကို မသိကြပါဘူး။ စပျစ်သီးသန္ဓေကို နောက်တစ်မျိုး Vesicular Mole လို့လည်း ခေါ်ကြပါသေးတယ်။
စပျစ်သီးသန္ဓေဆိုတာဘာလဲ
အမျိုးသားဆီက ဖိုမျိုးစေ့နဲ့ အမျိုးသမီးဆီက မမျိုးစေ့တို ့ပေါင်းစပ် ထိတွေ့တယ်ဆိုရင်ပဲ ဇီဝကမ္မဖြစ်စဉ် Physiology နည်းအရ ကိုယ်ဝန်ဆိုတာ ဖြစ်လာရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်မရင့်သေးခင် အစောပိုင်းမှာ မှားယွင်းမှု၊ ဖောက်ပြန်မှု ၊ အားနည်းမှု တစ်ခုခုကြောင့် အချင်းစတင်ဖြစ်ပေါ်ခြင်းအပေါ် အဓိကကျတဲ့ ပြောင်းလဲမှုတွေကြောင့် သန္ဓေသားဖြစ်ပေါ်လာရမယ့်အစား စပျစ်သီးလိုမျိုး ရေအိတ်အလုံးလေးတွေ ဖြစ်ပေါ်လာတဲ့ ကိုယ်ဝန်ကို စပျစ်သီးသန္ဓေလို ့ခေါ်ပါတယ်။
စပျစ်သီးသန္ဓေအမျိုးအစားတွေကဘာတွေလည်း
ရောဂါရဲ့ရာနှုန်းပြည့်က စပျစ်သီးကဲ့သို့ အလုံးအပြွတ်လေးများသာ တွေ့ရပါတယ်။ အချို့ကတော့ ရေအိတ်အလုံးလေးတွေနဲ့ အချင်းကို တွဲဖတ်ပြီးတွေ့ရပါတယ်။ အချို့ကတော့ရေအိတ်အလုံးငယ်လေးတွေနဲ့ သန္ဓေသားကိုရေထွေးပြီးတွေ့ရတတ်ပါတယ်။ အရှေ့တိုင်းနိုင်ငံသူတွေက အနောက်ဥရောပသူတွေထက် အဖြစ်များပြီး အရှေ့တိုင်းနိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်ချိန် ၅၀၀မှာ တစ်ယောက်နှုန်းလောက်ပဲဖြစ်တတ်ပါတယ်။ ကျန်တဲ့နိုင်ငံတွေမှာတော့ ကိုယ်ဝန်ဆောင်၂၀၀၀မှ ၃၀၀၀ လာက်မှာမှ တစ်ယောက်လောက်သာ ဖြစ်တတ်ပါတယ်။
စပျစ်သီးသန္ဓေဖြစ်စေတဲ့အကြောင်းရင်းတွေကဘာတွေလည်း
ယခုအချိန်အထိ ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ ဖြစ်နိုင်တဲ့ အချက်တွေကတော့
၁။ ဖိုမျိုးစေ့နဲ့ မမျိုးစေ့ဓါတ်ခံအား မတူ၍ မတည့်၍ သော်လည်းကောင်း။
၂။ အစားအသောက်နဲ့ အာဟာရ မတူချို့တဲ့ကြ၍ လည်းကောင်း။
၃။ ရာသီဥတု အနေအထားကြောင့်လည်းကောင်း။
၄။အခြား အကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇနဲ့တော့ ဆက်စပ်မှု မရှိပါဘူး။
ပြသတဲ့လက္ခဏာတွေတွေကဘာတွေလည်း
ကိုယ်ဝန်ဆောင်ချိန် ပထမပိုင်း 1stTrimester မှာ အဖြစ်များပါတယ်။ ဒါပေမယ့် နောက်တွဲ ကိုယ်ဝန်ကျမှလည်း ဖြစ်ပွားတာတွေရှိပါတယ်။
၁။ သာမန်ကိုယ်ဝန်ကဲ့သို ့ဓမ္မတာသွေးထိမ်ခြင်း။
၂။ ဆီးစစ်ရာတွင် နှစ်ကြောင်းပေါ်ခြင်း။
၃။ ကိုယ်ဝန်ဆောင်ချိန် ခံစားရလေ့ရှိသော အော်ကလီဆန်ခြင်း ၊ မူးဝေခြင်း ၊ ပျို့အန်ခြင်းများ ပိုမိုဖြစ်ခြင်း။
၄။ ကိုယ်ဝန်ရှိပြီး မကြာမီ သွေးမကြာမကြာ ဆင်းခြင်း။
၅။ ကလေးလှုပ်ချိန်တွင် ကလေးမလှုပ်ခြင်း။
၆။ သားအိမ်အရွယ်အစားနဲ့ အမြင့်မှာ သွေးထိမ်သည့်လထက် ပိုမိုကြီးထွားမြင့်တက် နေခြင်း (ရှိသင့်သည်အရွယ်နှင့်ရှိသင့်သည်ထက်သေးငယ်နေခြင်း) စသည်တို့ပဲ ဖြစ်ပါတယ်။
ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်မလည်း
ဗိုက်ကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့စမ်းသပ်ခြင်း ၊ Ultrasound ရိုက်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ သိနိုင်ပါတယ်။ တခါတရံသွေးဆင်းရာမှာ စပျစ်သီးကဲ့သို့အလုံးလေးတွေ သွေးခဲတွေနဲ့အတူ ပါလာတတ်ပါတယ်။
စပျစ်သီးသန္ဓေကိုဘယ်လိုကုမလည်း
သွေးမဆင်းမီနဲ ့ကိုယ်ဝန်ပျက်မကျမီသိရှိခဲ့ရင်တော့ ထွက်ကျလာအောင် ဆေးပေးဆေးသွင်းရပါတယ်။ သားအိမ်ကိုချဲ့ပြီး သားအိမ်ခြစ်ခြင်း လေစုပ်စက်နဲ့ စုပ်ယူခြင်း(Vacuum-suction-Curettage) တို့ဖြစ်ပါတယ်။ လူနာဟာ အသက်၄၀ ၀န်းကျင်လည်းဖြစ်မယ်။ မိသားစုလည်း စုံလင်မယ် သားသမီးတွေလည်း ရှိထားတယ်ဆိုရင်တော့ အဲဒီလိုလူနာတွေအတွက် နောက်ဆုံး သားအိမ်ထုတ်ခြင်းနည်းနဲ့ ကုသနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ မျက်စိနဲ့စပျစ်သီးလိုမျိုး အလုံးလေးတွေ တွေ့နေရတယ် ဆိုသော်လည်း၊ ဓါတ်ခွဲခန်းကိုပို့ပြီး သေချာစီစစ်ဖို့ လိုပါတယ်။
တစ်ချို့ကတပိုင်းကင်ဆာပြောင်းလဲနေမှုများ(ChorioCarcinoma/MalignantMole) စသဖြင့်တွေ့နိုင်ပါတယ်။ အဲဒီလိုပြောင်းလဲတဲ့ လူနာတွေအတွက်လည်း သင့်တော်တဲ့ သွေးသွင်းကုသခြင်းနဲ့ အချိန်တိုအတွင်း ရာနှုန်းပြည့် ပျောက်ကင်းနိုင်ပါတယ်။ ကုသပြီးပြီဆိုသော်လည်း နောက်ဆက်တွဲFollow Up ပြသဖို့ လိုအပ်ပါတယ်။ ၁လတစ်ကြိမ်၊ ၃ လတစ်ကြိမ်၊ ၆လတစ်ကြိမ်နဲ့ တစ်နှစ်တစ်ကြိမ် အနည်းဆုံး နှစ်နှစ်ထိ ပြသရန် လိုအပ်ပါတယ်။ အဲဒီလို ပြန်လည်ပြသတဲ့ အခါတိုင်းမှာလည်း ဆီးစစ်ခြင်း(UCG)၊ Ultrasoundရိုက်ခြင်းနဲ့ ရင်ဘတ်ကို ဓါတ်မှန်ရိုက်ခြင်းများ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဆိုလိုတဲ့သဘောကတော့ လာပြသတဲ့အခါတိုင်း အတွင်းပိုင်းစမ်းသပ်ခြင်းနဲ ့မလုံလောက်ပါဘူး။ ဒီရောဂါဟာ နောက်ထပ် ထပ်ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် အလွန်ကိုပဲ ရှားပါးပါတယ်။
နောက်ထပ်ကလေးယူလို့ရမရ
နောက်ထပ်ကလေးယူလို ့ရပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပြီး Follow Up ၂ နှစ်အတွင်းမှာတော့ ကိုယ်ဝန်မယူရပါဘူး။ ကိုယ်ဝန်တားတဲ့ အခါမှာလည်း ဟော်မုန်းမပါတဲ့ သန္ဓေတားနည်းတွေနဲ့ တားသင့်ပါတယ်။ ဥပမာ-အရက်ရှောင်ခြင်း၊ ကွန်ဒုံးသုံးခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။ စပျစ်သီးသန္ဓေဖြစ်ပွားဖူးယုံနဲ့ အမျိုးသမီး တစ်ယောက်မှာ မျိုးဆက်ပွား အရည်အသွေး ကျဆင်းသွားခြင်းမရှိပါဘူး။ စောစီးစွာ ပြသကုသလျှင် ထိရောက်စွာ ပျောက်ကင်းနိုင်သော ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ် တောရွာတွေမှာ မြို့နဲ့ဝေးလံခေါင်သီတဲ့ ကျေးလက်တွေမှာ ကိုယ်ဝန်သည်တွေဟာ ကလေး စတင်လှုပ်ချိန် ကိုယ်ဝန်ငါးပတ် အလယ်လောက်မှ ကလေးမလှုပ်မှန်း သိကြရပြီး အဲဒီအချိန်မှာ ကိုယ်ဝန်ကလည်း အလွန်အမင်း တင်းကျပ်ပေါက်ထွက်ခြင်း ၊ ၀မ်းဗိုက်ထဲမှာ သွေးသွန်ခြင်းတို့ကြောင့် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ နောက်တခါ ကိုယ်ဝန်နုစဉ်မှာ သွေးထွက်လွန်နိုင်ပြီး သားအိမ်ပေါက်ပြဲခြင်း ဖြစ်တတ်တဲ့အတွက် ကျွမ်ကျင်တဲ့ဝါရင့်ဆရာဝန်တွေနဲ့ ကိုယ်တိုင်ဆောင်ရွက် ကုသဖို့လည်းလိုပါတယ်။ FollowUp ကြည့်ရှုဖို့အတွက်တော့ OG တွေရှိတဲ့ ဆေးရုံတွေကိုသာ ညွှန်ကြားဖို့လိုအပ်ပါတယ်။
Ref:
သက်တန့်ချို
Public health in Myanmar Tuesday, June 1, 2010
Source;1 Reproductive Health
2 Obestetricand Gynaecological Problems
3 Google Image Search
4 Health Education for Reproductive Health (Myanmar -Professor Myint Maung Maung)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
