Print

ငယ်ငယ်လေးနဲ့ အိုတဲ့လူ

  15-Apr-2020
Preview Image

ငယ်ပေမယ့် အို

          လူဆိုတာ အရွယ်အဆင့်ဆင့်ကို ပုံမှန်ဖြတ်သန်းပြီးမှ သေခြင်းတရားနဲ့ အဆုံးသတ်ရမှာပါ။ ကလေးဘဝ၊ လူငယ်ဘဝ၊ လူကြီးဘဝ၊ လူအိုဘဝ စသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာကြတာဟာ နိယာမတရားဆိုပါတော့။ ဒါပေမယ့် ထူးထူးခြားခြား ကလေးဘဝကတည်းက ရုပ်အင်္ဂါ ပြောင်းသွားပြီး စောစောစီးစီး အိုရုပ်ထင်တဲ့ ရောဂါတစ်မျိုးရှိပါတယ်။ ပရိုဂျာရီးယား (Progeria) တဲ့။ အအိုမြန်လွန်းတဲ့ ရောဂါပေါ့။ ကလေးဘဝကနေ လူအိုဘဝကို တစ်ခါတည်း အမြန်နှုန်း (High Speed) နဲ့ ရောက်သွားတဲ့ အဖြစ်ဆိုးတဲ့ ရောဂါပါ။ ကလေးလူအိုလေးလို့ပဲ ပြောရမလား၊ လူအိုလေးလို့ ပြောရမလားပါပဲ။ ကလေးအယောက် (၄) သန်း မွေးဖွားမှ ဒီအဖြစ်မျိုး တစ်ဦးပဲ ကြုံတာဆိုတော့ အတော်ကို ရှားတဲ့ရောဂါပါ။ လူမျိုးမရွေး၊ ကျားမမရွေး ကြုံတွေ့နိုင်တဲ့ တကယ့်ရှားပါးအဖြစ်ဆိုးကြီးပေါ့။


လူအိုအသွင်

          မွေးတုန်းကတော့ အကောင်းပါ။ ဒါပေမယ့် တစ်နှစ်အတွင်းမှာပဲ ဇာတိပြပါတော့တယ်။ ပုံမှန်ကလေးလိုအရွယ်ကလည်း မတိုး၊ အလေးချိန် (ပေါင်ချိန်) ကလည်း မတက်နဲ့ ထူးခြားမှုတွေ စပြပါပြီ။ ခေါင်းကတော့ ကလေးနဲ့မလိုက်အောင် ကြီးလာပါတယ်။ ဦးခေါင်းလိုပဲ မျက်လုံးတွေက ကြီးပြီး ပြူးပါတယ်။ ဒါပေမယ့် မေးရိုးက သေးသေး၊ နှာခေါင်းက ပြားပြားနဲ့ပါ။ ခေါင်းပေါ်မှာ သွေးပြန်ကြောတွေကို အရေပြားပါးတော့ အတိုင်းသားမြင်နေရပါတယ်။ ဆံပင်ကလည်း ပြောင်၊ မျက်တောင်မွှေး၊ မျက်ခုံးမွှေးတွေလည်း ပြောင်နဲ့ တစ်ချိန်က နာမည်ကြီးသိပ္ပံကားရဲ့ ဇာတ်လိုက်ကောင် အီးတီ (ET) နဲ့တောင် တူသလိုပါ။ စကားပြောတော့လည်း အသံအောကြီးနဲ့ လူကြီးသံပါ။ အရပ်ကလည်းအတော်ပုတော့ သက်ကြီးပုလေးလို့လည်း ထင်ချင်စရာပါ။ ပျိုမျစ်နုနယ်၊ ချစ်စဖွယ်ကလေးအရွယ်ပေမယ့် လူအိုပုံပေါက်နေတော့ မြင်သူတိုင်းက အထူးအဆန်းလုပ်ကြည့်ကြပါတော့တယ်။ အံ့သြစရာလည်းကောင်းတာကိုး။ အိုမင်းမစွမ်းလူအိုတွေလိုပဲ နားကလည်း ထိုင်း၊ သွားကလည်း ကျဲ၊ အရိုးတွေကလည်း ဆတ်နဲ့ပါ။ အရေပြားအောက်မှာ အဆီလည်း ခန်းသွားတော့ အရိုးပေါ် အရေတင်နေတဲ့ အဖြစ်ပါ။


သက်ဆိုးတော့ မရှည်ပါ

          ဒီလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ရတဲ့ကလေးတွေဟာ သက်ဆိုးမရှည်ရှာပါဘူး။ ကလေးဘဝကနေ လူအို၊ သက်ကြားအိုဘဝကို အမြန်နှုန်းနဲ့ တိုက်ရိုက်ရောက်သွားတော့ ဇရာအိုတွေမှာ ကြုံတွေ့ရတဲ့ ရောဂါတွေ စောစောစီးစီးကြုံရလို့ပါ။ သွေးကြောကျဉ်းပြီး နှလုံးရောဂါရတတ်ပါတယ်။ အရိုးပွ၊ အရိုးပါးရောဂါတွေလည်း ဝင်တာပေါ့။ ဒါကြောင့် အများစုကတော့ သက်ဆိုးမရှည်ပါဘူး။ အလွန်ဆုံး အသက် (၁၃) နှစ် အရွယ်လောက်ဆိုရင် ဂိတ်ဆုံးတာပါပဲ။ ထူးခြားတာက ဉာဏ်ရည်ဉာဏ်သွေးကတော့ မထိခိုက်ပါဘူး။ ကိုယ်ခံအားလည်းကောင်းပါ့။ ဒါ့ကြောင့် ကူးစက်ရောဂါတွေလည်း အလွယ်မဝင်နိုင်ပါဘူး။ အရာအားလုံး အိုစာသွားတာမဟုတ်ဘဲ တချို့လုပ်ငန်းတွေကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် နှလုံးရောဂါနဲ့ပဲ ဆုံးကြတာ များပါတယ်။

Credit : ဒေါက်တာ ကျော်ကျော်



Related Articles


Advertisment 18