Print

ကလေးနဲ့ အစာအဆိပ်တောက်ဖြစ်ခြင်း

  05-May-2019
Preview Image

အစာအဆိပ်တောက်ခြင်း (Food Poisoning) က ဘယ်လို အစားအစာတွေ စားသုံးရင် ဖြစ်တတ်ပါသလဲ။

          အစာအဆိပ်တောက်တာဟာ စားသုံးဆဲ အစားအစာမှာ ဗက်တီးရီးယားပိုးများကြောင့် သော်လည်းကောင်း၊ အစာမှာပါတဲ့ အဆိပ် Toxin ကြောင့် သော်လည်းကောင်း ဖြစ်တတ်ကြပါတယ်။

 

ဘယ်လို ဗက်တီးရီးယားပိုးတွေကြောင့် အစာအဆိပ်တောက်ခြင်းဖြစ်ရပါသလဲ။

များသောအားဖြင့် ဖြစ်တတ်တဲ့ ဗက်တီးရီးယားပိုးတွေကတော့ Staphylococcus Aureus, E. Coli, Salmonella နဲ့ Shigella ပိုးတွေကြောင့် ဖြစ်တာများပါတယ်။ E. Coli နဲ့ Salmonella ပိုးတွေက အသားနဲ့ နွားနို့တို့ကနေ ပါလာတာ ဖြစ်ပါတယ်။

 

ဘယ်လို အစားအစာတွေမှာ အဆိပ် (Toxin) ပါတတ်ပါသလဲ။

          သံဘူးတွေနဲ့ ရောင်းချတဲ့ အစားအစာတွေ Canned Food တွေမှာ Botulinum Toxin တွေ ပါလာတတ်ပါတယ်။ ဒါ့ကြောင့် ရက်လွန်တဲ့ အစားအစာ၊ လေမလုံဘဲ ကြာရှည်သိမ်းထားတဲ့ Canned Food တွေကို ရှောင်ကြဉ်တာက အန္တရာယ်ကင်းပါတယ်။

 

အစာအဆိပ်တောက်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ။

          ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ အစာအဆိပ်တောက်ခြင်းမှာ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင်းအပြင် အချို့ပိုးတွေက သွေးဝမ်း သွားစေတတ်ပါတယ်။ E. coli ပိုးကြောင့် ကျောက်ကပ်အလုပ်မလုပ်ခြင်း သွေးနီးဥ ပျက်စီးတတ်တဲ့ ရောဂါပိုးကို Haemolytic Uremic Syndrome ရတတ်ပါတယ်။

          Botulinum Toxin ကြောင့် အစာအဆိပ်တောက်ရင် ကြွက်သားတွေ မလှုပ်ရှားနိုင်တော့ဘဲ ခြေလက်တွေ ပျော့ခွေသွားနိုင်ပါတယ်။ ပိုးဆိုးရင် အသက်ရှူ ရပ်သွားနိုင်ပါတယ်။

 

အစာစားသုံးပြီး ဘယ်လောက်ကြာမှ အစာအဆိပ်တောက်ခြင်း ဖြစ်နိုင်ပါသလဲ။

          Staphylococcus ရောဂါပိုးကြောင့်ဖြစ်ရင် နှစ်နာရီမှ လေးနာရီအတွင်းဖြစ်တတ်ပြီး အခြားဗက်တီးရီးယားပိုးတွေက ၁၂ နာရီမှ ၄၈ နာရီအတွင်း ဖြစ်တတ်ပါတယ်။ Botulinum Toxin ကြောင်းကတော့ အစာစားပြီး ၁၈ နာရီမှ ၂၄ နာရီအတွင်း ဖြစ်တတ်ပါတယ်။


အစာအဆိပ်တောက်ရင် စိုးရိမ်ရပါသလား။

          ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ အစာအဆိပ်တောက်ခြင်းဟာ အန်ခြင်း၊ ဝမ်းသွားခြင်းကြောင့် ရေခန်းခြောက်မှုဖြစ်တဲ့အတွက် လိုအပ်ရင် ဆေးရုံတက်ပြီး ကုန်သွားတဲ့ အရည်တွေကို ဖြည့်စွက်ကုသပေးရန် လိုအပ်ပါတယ်။

          Botulinum Toxin ကြောင့်ဖြစ်တဲ့ ရောဂါကတော့ ဆေးရုံတင်ပြီး အသက်ရှူရပ်ရင် အသက်ရှူနိုင်အောင် Ventilator စက်နဲ့ ကုသရန် လိုအပ်ပါတယ်။

 

အစာနဲ့ ပတ်သက်ပြီး လူကိုအန္တရာယ်ပေးနိုင်တဲ့ အခြားအစာတွေရှိပါသလား။

          Mushroom Poisoning မှိုစားသုံးပြီး မှိုကြောင့် အဆိပ်တောက်ခြင်း၊ တညင်းသီး စားသုံးတာများတဲ့အတွက် ကျောက်ကပ်၊ အလုပ်မလုပ်နိုင်ခြင်း၊ ပီလောပီနံ စားသုံးတဲ့အတွက် အစာအဆိပ်တောက်ခြင်း စတာတွေလည်း ရှိပါတယ်။

 

ပီလောပီနံစားရင် ဘာကြောင့် အစာအဆိပ်တောက်ခြင်းဖြစ်ရပါသလဲ။

          ပီလောပီနံမှာ Cyanide လို့ခေါ်တဲ့ အသက်ရှူရပ်စေတဲ့ ဓာတ်ပါပါတယ်။ ပီလောပီနံကို ပြုတ်ရာမှာ အဖုံးမအုပ်ရပါ။ အဖုံးအုပ်ပြီးပြုတ်ရင် ပီလောပီနံထဲမှာ Cyanide က အငွေ့ပျံရာကနေ ရေထဲစိမ့်ဝင်နေပြီး ၎င်းရေမှတစ်ဆင့် ပီလောပီနံထဲမှာ ပြန်ရောက်သွားပါတယ်။ အဲဒီလို အဖုံးပိတ်ပြီးပြုတ်တဲ့ ပီလောပီနံစားရင် Cyanide ကြောင့် အသက်အန္တရာယ်ဖြစ်ပါတယ်။

 

 ပီလောပီနံကိုပြုတ်ရင် ဘယ်လို ပြုတ်ပြီး စားရမလဲ။

          ပီလောပီနံကို အဖုံးဖွင့်ပြီး ပြုတ်ရပါမယ်။ ဒါမှ Cyanide တွေက အငွေ့ပျံပြီး ထွက်သွားမှာ ဖြစ်ပါတယ်။

 

ပဒိုင်းသီးစားရင်တော့ ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ။

          ပဒိုင်းသီးစားရင် ကလေးက ဂနာမငြိမ်ဖြစ်ပြီး အဖျားတွေ တက်ခြင်း၊ မျက်စိဝေဝါးခြင်း၊ လျှာခြောက်ခြင်း၊ ဆီးနည်းခြင်း၊ အသားနီရဲခြင်း စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

 

တညင်းသီး များများစားရင် ဘယ်လို လက္ခဏာပြတတ်ပါသလဲ။

          တညင်းသီးများများစားရင် တညင်းသီးမှာပါတဲ့ အဆိပ် Toxin ကြောင့် ကျောက်ကပ်ထိပြီး ဆီးမသွားနိုင်ဘဲ ကျောက်ကပ်အလုပ်မလုပ်နိုင်ခြင်း Acute Renal Failure ဖြစ်သွားတတ်ပါတယ်။

 

Credit: ပါမောက္ခ ဒေါက်တာဦးအေးသောင်း

(ကလေးအထူးကု ဆရာဝန်ကြီး)

 

 



Related Articles


Advertisment 18