အစာမစားသောကလေးငယ်
28-Feb-2017
ကလေးတွေ အစာမစားရတဲ့ အကြောင်းအရင်းတွေထဲမှာ အဓိကအချက်ကတော့ ထမင်းစားချိန် မတိုင်မီ သရေစာ (Snack) များများစားတဲ့အတွက် ထမင်းစားချိန်မှာ ထမင်းစားချင်စိတ် မရှိတော့တာ ဖြစ်ပါတယ်။ နောက်ဆုံးစဉ်းစားရတဲ့ အချက်ကတော့ အသက်တစ်နှစ်မှ သုံးနှစ်အထိ ကလေးအရွယ်တွေမှာ ကလေးရဲ့ သဘောသဘာဝအရ ဘာကျွေးကျွေး ခေါင်းခါကြတဲ့ အချိန်ဖြစ်ပါတယ်။ Negativism လို့ခေါ်ပါတယ်။ ကျွေးတဲ့
အခါလည်း မစား၊ ဘာမေးမေးလဲ မကြိုက်တဲ့အချိန်ဖြစ်ပါတယ်။ မိဘတွေက စိတ်ဆိုးပြီးအော်ငေါက်ကြိမ်းမောင်းရင်း ပိုဆိုးလာပြီး ဘာမှကျွေးလို့မရတော့ပါဘူး။ မိဘတွေကစိတ်ရှည်ရှည်ထားပြီး နောက်က တကောက်ကောက် လိုက်ပြီး ကျွေးမှစားပါတယ်။
နောက်တစ်ခု စဉ်းစားရမှာက ကလေးတွေရဲ့ အကြိုက်ဖြစ်ပါတယ်။ ထမင်းကို အဓိကထားပြီး ကျွေးလာရာကနေ ခေါက်ဆွဲ၊ ကြာဆံ ပြောင်းလဲ စားသောက်မှုကို ခုံမင်လာတတ်ပါတယ်။ အဲဒါကို မိဘတွေက နားလည်ပြီး ကလေးစားချင်တဲ့ အစာကို အကြိုက်လိုက်ပြီး ကျွေးမွေးပေးရပါမယ်။ တချို့ကလေးတွေက ခေါက်ဆွဲကို အဓိကထားပြီး ကြီးပြင်းအောင် ကျွေးမွေးလာခဲ့ရပါတယ်။ ကလေးတွေကို ကလေးဆိုပြီး သီးသန့်ကျွေးတာကို တချို့ကလေးတွေက အသက်တစ်နှစ်ကျော်လာရင် မရတော့ပါဘူး။ လူကြီးဝိုင်းထဲကို ဝင်ချင်လာပြီး လူကြီးစားတာတွေကို ခုံမင်စိတ်နှင့် စားချင်လာပါတယ်။ လူကြီးတွေက ရှုပ်တယ်ဆိုပြီး အော်ငေါက် နှင်ထုတ်တတ်ကြပါတယ်။ “ထမင်းဝိုင်းကို စစ်ပွဲမဖြစ်စေနဲ့” “Don’t make dining table to battle” ဆိုတဲ့ စကားအတိုင်း ကလေးကို နှင်မထုတ်ဘဲ မိမိရင်ခွင်ထဲမှာထားပြီး ကျွေးမွေးစေချင်ပါတယ်။ စိတ်ရှည်ပြီးချစ်ခင်ယုယ ကြင်နာခြင်းနဲ့ ကလေးကို ကျွေးမွေးပြုစုစေချင်ပါတယ်။
ကလေးတွေ အစာစားအောင် ဘယ်လိုလုပ်ရမလဲ
(က) ကလေးရဲ့ အကျင်စရုတ်နဲ့ အကြိုက်ကို မိဘတွေက သိအောင် လုပ်ပြီးကျွေးရင် ကလေးတွေက အစာစားလာမှာပါ။
(ခ) သရေစာ များများစားတဲ့ ကလေးကို သရေစာ လျှော့ကျွေးပါ။
(ဂ) အချိုရည်တွေများများသောက်တတ်တဲ့ အကျင့်ကိုပြုပြင်ပါ။
ကလေးတွေအစာစားလာအောင် အစာစားတဲ့ဆေး တိုက်သင့်ပါသလား။
မတိုက်ရင် အကောင်းဆုံးပါပဲ။ ဆေးဆိုတာနဲ့ `ဘေး´ ဆိုတာ တွဲနေတတ် ပါတယ်။ ရေရှည်စွဲစွဲ မြဲမြဲသောက်ရင် ကလေးရဲ့ အပြုအမူတွေကို ပြောင်းလဲစေနိုင် ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခ ဒေါက်တာအေးသောင်း
(ကလေးအထူးကုသမားတော်ကြီး)
Health for all magazine, January 2016, Pg. 78
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
