ကလေးကစားချိန်ကျန်ပါစေ
28-Feb-2017
ကလေးသိပ်ငယ်ငယ်တွင် မူကြိုပို့ချင်သော မိဘများကို တွေ့တိုင်းမင်းတို့ ဒီအရွယ်တုန်းကတော့ ခွေလှိမ့်တုန်း မဟုတ်လားဟု ကျွန်တော်ဆူလေ့ရှိသည်။ ကလေးကိုကသွားချင်နေတာ ဆရာဟုလည်း သူတို့ဆင်ခြေ တတ်လေ့ရှိသည်။ မပို့ဘဲ မနေနိုင်လျှင် ပို့ကြပါ။ ညနေတော့ ကျူရှင်ထပ်မတက်ခိုင်းပါနှင့်တော့ဟု ပြောချင်သည်။ ကလေးဆိုတာ ပြေးလွှားဆော့ကစားရမည်။ ပြေးလွှားဆော့ကစားခြင်း၊ Role play ခေါ် ပုလိပ်နှင့် သူခိုး၊ မြင်းစီးကောင်းဘွိုင် စသည်ဖြင့် ကြားဖူး၊ မြင်ဖူးသမျှ လူကြီးတွေ အိုက်တင် အတုခိုး၍ ကစားခြင်းတို့သည် ကလေး၏ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက်ရော၊ ပတ်ဝန်းကျင်ကို လေ့လာသင်ယူခြင်း၊ အများနှင့် လိုက်လျောညီထွေနေတတ်ခြင်းတို့အတွက် မရှိမဖြစ် လိုအပ်ပါသည်။ မိုးလင်းက မိုးချုပ်ငယ်ငယ် ကတည်းက စာဆက်တိုက်သင်ကြမှ ထူးချွန်ကြကြေးဆိုလျှင် အလယ်တန်းကျောင်းသား ဘဝအထိ ကျူရှင် မတက်ဖူးသော ဒေါက်တာရဲလည်း ဆရာဝန်ဖြစ်လာစရာမရှိ။ မူကြိုမနေခဲ့ဖူးသော ဒေါက်တာရဲ၏ သားလည်း ယခုလောက်ပညာထူးချွန်စရာ မရှိပါ။
ပြောနေကျ စကားကို ထပ်ပြောပါဦးမည်။ တီဗီနှင့် ဗီဒီယိုဂိမ်းကို ကျွန်တော်မကြိုက်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှု နည်းလွန်း၍ အဝလွန်ခြင်းစသည့် ဆိုးကျိုးများရနိုင်သလို တီဗီနှင့် ဗီဒီယိုဂိမ်းမှတဆင့် လေ့လာရရှိသော လောကကြီးအကြောင်း အသိဉာဏ်မှာ too passive တစ်ဆင့်ခံ ဖြစ်လွန်းသည်။ too distorted ပတ်ဝန်းကျင်လောကကြီးကို အရှိအတိုင်း သိရှိနိုင်စွမ်းအား နည်းသည်ဟု ကလေးစိတ်ပညာရှင်တို့ သုံးသပ်လေ့ရှိပါသည်။ ကလေးများကို တီဗီပေးကြည့်ရမည့် အရွယ်ကိုပင်လျှင် နှစ်နှစ်ဟု သတ်မှတ်ပြီး တစ်နေ့လျှင် နာရီဝက်ထက် မပိုစေရန်၊ မိဘနှင့် အတူသာ ကြည့်ရန် အိပ်ခန်းထဲတွင် တီဗီထားမပေးရန်၊ အစာစားရင်မပြရန် စသဖြင့် အကြံပေးကြပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာရဲ (ဒေါက်တာရဲ)
ကလေးအထူးကုဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
