ဉာဏ်ရည်မမီ နိမ့်ကျကလေးများ
24-Feb-2017
ကလေးတွေဟာ မွေးလာတာကနေ ဦးနှောက်ဖွံဖြိုးမှုနှင့်အတူ အသိဉာဏ်၊ မှတ်ဉာဏ်စွမ်းရည်တွေ ရင့်သန်ဖွံ့ဖြိုးလာရတာ ဖြစ်ပါတယ်။ ကံမကောင်းရှာတဲ့ တစ်ချို့ကလေးတွေမှာတော့ အသိဉာဏ်စွမ်းရည် နားလည်မှုနဲ့ တွေးခေါ်နိုင်မှု စွမ်းရည်တွေဟာ ဖွံ့ဖြိုးရင့်သန်မှုမရှိဘဲ နှေးကွေးကာ ချို ့ယွင်းတာတွေ ဖြစ်လာတဲ့အတွက် ဉာဏ်ရည်မမီ၊ ဉာဏ်ရည်နိမ့်ကျ (Mental Retardation) ကလေးများအဖြစ်သာ ကြီးပြင်းလာရပါတော့တယ်။
ဖြစ်ပွားစေတဲ့ အကြောင်းရင်းများ
မွေးရာပါ ချို့ယွင်းချက်ပါလာတဲ့ မျိုးရိုးဗီဇပိုင်းဆိုင်ရာ ချို့ယွင်းရောဂါတွေ ဥပမာ - ဒေါင်းရောဂါစု (Down Syndrome) ထရိုင်ဆိုမီ ၁၈၊ ၁၃ နဲ့ ကလိုင်းဖဲလ်တာစတဲ့ ရောဂါတွေမှာ ပုံမမှန် တခြား ချို့ယွင်းချက်တွေနဲ့အတူ ဉာဏ်ရည် မမီတာက ၂၂ ရာခိုင်နှုန်းတောင် တွေ့ရှိရပါတယ်။ မျိုးရိုးဗီဇချို့ယွင်းရောဂါ (Genetic Disorder) တွေ ဖြစ်တဲ့ (Fragile X $) စတဲ့ရောဂါတွေမှာလည်း ဉာဏ်ရည်မမီတာက ၂၁ ရာနှုန်းရှိတယ်။
ရောဂါကြောင့် ဦးနှောက်ကြီးကြီးလာတဲ့ ခေါင်းကြီးကိုယ်သေး (Hydrocephalus or – Meningocele) ရောဂါရှင်လေးတွေမှာ မျက်နှာ၊ နှာခေါင်းရင်းဖုလေးတွေ ပါလာလာ၊ မပါလာလာ ဉာဏ်ရည်ချို့ယွင်းမှု ပါလာတတ်တာက ၉ ရာခိုင်နှုန်းတောင် ရှိတတ်တယ်။ မွေးရာပါ ပိုးဝင်ရောဂါတွေ (Congenital infection) ဖြစ်တဲ့ အိတ်ချ်အိုင်ဗီ (HIV)၊ တောက်ဆိုပလတ်စမို့ဆစ် (Toxoplasmosis)၊ ဂျိုက်သိုးရောဂါ (Rubella) Cytomegalovirus disease ၊ ဆစ်ဖလစ်ကာလသားရောဂါ (Syphilis)၊ ရေယုန်ရောဂါ (Herpes simplex) ရောဂါတွေ မိခင်ကတစ်ဆင့် ကလေးဆီသို့ ကူးစက်ခံရပြီး မွေးဖွားလာရရင်လည်း ကလေးတွေမှာ ၄ ရာခိုင်နှုန်းလောက်အထိ ဉာဏ်ရည်မမီတတ်ပါဘူး။
မမွေးခင်နှင့် မွေးပြီးကာစ ကလေးတွေမှာ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဦးနှောက်တွင်း သွေးယိုခြင်းရောဂါ (IVH) နဲ့ အရက်စွဲမိခင်က မွေးလာတဲ့ကလေးတွေ (Fetal Alcohol syndrome) စတာတွေမှာလည်း ဉာဏ်ရည်ချို့တဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာတာ ၄ ရာနှုန်းရှိပါတယ်။ မွေးပြီးနောက်ပိုင်း ကလေးပေါက်စဘဝမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း၊ ဦးနှောက်မြှေးရောင်ခြင်း၊ သိုင်းရွိုက်ဟော်မုန်းချို့တဲ့ရောဂါတွေ ဖြစ်ခဲ့ရင် ကြီးပြင်းလာမယ့် ဘဝတစ်လျှောက်လုံး ဉာဏ်ရည်ချို့တဲ့နိုင်တာက ၅ ရာနှုန်းရှိတယ်။
ဉာဏ်ရည်နိမ့်ကျတာတွေက ကုသလို့ ပျောက်ကင်းအောင် လုပ်မရပေမဲ့ ပြုပြင်စောင့်ရှောက် ပေးခြင်းအားဖြင့် အထိုက်အလျောက် နေပျော်တဲ့ဘဝ ဖန်တီးပေးလို့ ရပါတယ်။ အဲဒီကလေးငယ်တွေမှာ စိတ်ဓာတ်ခက်ထန် ကြမ်းတမ်းခြင်း၊ အလိုလို ထိခိုက်ရာရအောင် ပြုလုပ်နိုင်ခြင်း၊ ဆန့်ကျင်ဘက်လွဲမှားစွာ ပြုလုပ်တတ်ခြင်း၊ အရာရာ စိတ်တိုင်းမကျ အော်ဟစ်သောင်းကျန်းနေတတ်ခြင်း စတဲ့ အပြုအမူတွေရှိနိုင်လို့ ပြုပြင်ကူညီပေးဖို့ လိုနိုင်ပါတယ်။ စိတ်အတက်အကျ မြန်ဆန်တတ်လို့ (mood & anxiety disorder) စတာတွေလည်း ပြုပြင်ပေးဖို့ လိုနိုင်ပါတယ်။ ဒီလက္ခဏာတွေကိုတော့ ဆရာဝန်များ ညွှန်တဲ့ဆေးနဲ့ ထိန်းနိုင်ပါတယ်။
Credit:
ဒေါက်တာမြမြချယ်
(ကလေးအထူးကုဆရာဝန်ကြီး)
Ziwaka magazine, July 2014, pg.72-75
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
