မွေးကင်းစကလေးများ အသားဝါခြင်း (Neonatal Jaundice)
28-Feb-2017
အသားဝါခြင်းသည် သွေးထဲတွင် (Bilirubin) ဟုခေါ်သော အဝါဓာတ်များလာခြင်းကြောင့်ဖြစ်သည်။ သွေးနီဥဟောင်းများ ပြိုကွဲသောအခါ (Bilirubin) ခေါ် အဝါဓာတ်ထွက်လာပြီး ပုံမှန်အားဖြင့် အသည်းကစွန့်ထုတ်ပေးသည်။ မွေးကင်းစကလေးများတွင် အသည်းသည် ကောင်းစွာဖွံ့ဖြိုးမှု မရှိသေးသည့်အတွက် အဝါဓာတ်ကို စွန့်ထုတ်နိုင်မှုနည်းပြီး အသားဝါလာသည်။ ထိုသို့ဝါခြင်းကို ကလေး (၃) ရက် သို့ (၄) ရက်သားအရွယ်
တွင် စတွေ့ရပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မတုံ့ပြန်မှုအရ ဝါခြင်းဖြစ်သည်။ ယင်းမှာ အန္တရာယ်မရှိပါ။
မွေးပြီး ပထမ၂ ရက်မှာ အသားဝါလျှင် သွေးအုပ်စုဓာတ်မတည့်ခြင်း (ABO incompatibility၊ Rh incompatibility)၊ G6PD ဓာတ်ချို့တဲ့ခြင်း၊ မွေးရာပါ ရောဂါပိုးပါရှိခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပြီး အချိန်မီကုသရန်လိုအပ်သည်။ မွေးပြီး ၃ရက်မှ ၆ရက်အတွင်း ဝါလျှင် အထက်ပါအကြောင်းအရင်းများကြောင့် ဖြစ်နိုင်ပြီး ဇီဝကမ္မတုံ့ပြန်မှုအရ အသားဝါခြင်း၊ ကလေးခေါင်းတွင် သွေးခြည်ဥ၍ အသားဝါလာခြင်း၊ ပိုးဝင်ခြင်းကြောင့် အသားဝါခြင်း စသည်တို့လည်း ဖြစ်နိုင်သည်။ တပတ်ကျော်မှအသားဝါလျှင် ကလေးတွင်မွေးရာပါရောဂါ တခုခု (သို့မဟုတ်) မိခင်နို့တိုက်မှုနည်းခြင်းကြောင့်ဖြစ်နိုင်သည်။
အဝါဓာတ်အလွန်များလာလျှင် ကလေး၏ဦးနှောက်ကို ထိခိုက်စေပြီး အဆိုးဆုံးအနေဖြင့် ဉာဏ်ရည်မမီ၊ ကိုယ်အင်္ဂါမသန်စွမ်းသည့် အခြေအနေအထိကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အချိန်မီကုသရပါမည်။ ဆရာဝန်သည် ကလေး၏အရေပြားကို လက်ဖြင့်ဖိကြည့်၍ ဝါ၊ မဝါကို စစ်ဆေး
ကြည့်မည်။ ထို့နောက် ကလေး၏သွေးအနည်းငယ်ကိုယူ၍ အဝါဓာတ်ပမာဏကို စစ်ဆေးမည်။ အဝါဓာတ်ပမာဏပေါ်မူတည်၍ သင့်လျော်သောကုသမှုကို ပေးမည်။
အများအားဖြင့် မွေးကင်းစကလေးများတွင် အသားဝါခြင်းကို ဆေးမီးချောင်း(Phototherapy)ပြ၍ ကုသကြသည်။ ထိုသို့ကုသခြင်းသည် ကလေးခန္ဓာကိုယ်ထဲရှိ အဝါဓာတ်များကို ဆီးနှင့်ဝမ်းထဲတွင် ပျော်ဝင်ပြီး ပို၍စွန့်ထုတ်ရလွယ်ကူအောင် ပြုလုပ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ကုသနေချိန်တွင် ကလေးတွင်အရည်ဓာတ်များများရစေရန် မိခင်နို့များများတိုက်ပေးရမည်။ အကယ်၍ အထက်ပါနည်းလမ်းဖြင့် မသက်သာပါက ကလေးတွင် သွေးလဲပြီးကုသရန် လိုအပ်ပါသည်။ သွေးလဲခြင်းဆိုသည်မှာ ကလေး၏သွေးအကုန်လုံးကို တပြိုင်နက်ထုတ်ပြီး သွေးကိုပြန်ထည့်ခြင်းမဟုတ်ပါ။ ကလေး၏သွေးအနည်းငယ်ကိုထုတ်ပြီး ပိုးကင်းသော၊ သန့်ရှင်းသော သွေးအနည်းငယ်ကို ပြန်ထည့်ခြင်းဖြစ်သည်။
ထိုသို့ သွေးအနည်းငယ် ထုတ်ခြင်း၊ ထည့်ခြင်းကို အကြိမ်များစွာပြုလုပ်ရသည်။ ကလေး၏သွေးထဲတွင်ရှိသော အဝါဓာတ်ပမာဏကို မြန်မြန်လျော့နည်းစေသည်။မွေးကင်းစကလေးတွင် အသားမဝါစေရန် မိခင်နို့ကို ၂နာရီခြား (သို)့ ၃နာရီခြားတိုက်ရမည်။ မွေးကင်းစကလေးတွင် အသားဝါခြင်းသည် အလွန်အရေးကြီးသည့်အတွက် မပေါ့ဆဘဲ ကုသမှုအမြန်ဆုံးခံယူရန်လိုအပ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Dr.Jink
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
