ကလေးများနှင့် G6PD enzyme ဓါတ်ချို့ယွင်းခြင်း
24-Feb-2017
G6PD (glucose-6-phosphate dehydrogenase) ဆိုတာဟာ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်ဇိုင်းဓါတ်တစ်မျိုးဖြစ်ပါတယ်... G6PD ဟာ သွေးနီဥ RBC (Red Blood Cells) တွေ ပုံမှန်လုပ်ငန်း လုပ်နိုင်ဖို့အတွက် ကူညီပေးတဲ့ အင်ဇိုင်းဓါတ်ဖြစ်ပါတယ်... ဒါကြောင့် ဒီ အင်ဇိုင်းဓါတ် ချို့တဲ့သော အခြေအနေမှာ သွေးနီဥတွေ ပေါက်ကွဲတာ များတာကြောင့် သွေးအားနည်းခြင်း (Haemolytic Anaemia) မျိုး ရတတ်ပါတယ်...
G6PD deficiency ရောဂါဟာ မွေးရာပါရောဂါ ဖြစ်ပါတယ်... G6PD deficiency ရောဂါရှိသူတွေဟာ များသောအားဖြင့် ဘာရောဂါလက္ခဏာမှ မပြသဘဲ သွေးနီဥကို ပေါက်ကွဲမှုပိုများစေတဲ့ အကြောင်းအရင်း၊ ဥပမာ- G6PD deficiency ရောဂါနှင့် ဓါတ်မတည့်သော အစားအစာ၊ ဆေးဝါးများ သောက်သုံး မိခြင်း၊ ရောဂါပိုးဝင်ခြင်းစတဲ့ အခြေအနေတွေမှာ သွေးအားနည်းသွားတာမျိုးဖြစ်မှ သာ ရောဂါလက္ခဏာ ပေါ်လာတတ်ပါတယ်... ဒါကိုလည်း ဖြစ်စေတဲ့ အကြောင်းအရင်း (Trigger ) ကို ဖြေရှင်းလိုက်ရင် ပုံမှန်အခြေအနေကို ပြန်ရောက်သွားတာ များပါတယ်... ရှားရှားပါးပါး G6PD deficiency ရောဂါရှင် အချို့လောက်သာ နာတာရှည် သွေးအား နည်းရောဂါကို ခံစားကြရတတ်ပါတယ်...
G6PD deficiency ကို ရောဂါရှိသူတွေဟာ ပုံမှန်အားဖြင့် သာမာန်လူတစ်ယောက်လို ဘာရောဂါလက္ခဏာမှ မပြတာကြောင့် ဒီရောဂါကို ပိုဆိုးစေတဲ့အကြောင်း တခုခုကြောင့်(ဥပမာ- Virus ပိုးဝင်ခြင်း) သွေးနီဥတွေ ပျက်စီးတာများပြီး ရောဂါလက္ခဏာတွေ ပေါ်မှသာ သွေးစစ်ဆေးရင်း ရောဂါရှိမှန်းသိကြတာ များပါတယ်...
G6PD ဆိုတာ ဘာလဲ?
G6PD အင်ဇိုင်းဓါတ်ဟာ သွေးနီဥတွေရဲ့ အကာအကွယ်ဓါတ်တစ်မျိုး ဖြစ်ပါတယ်... ကိုယ်ခန္ဓာထဲကို ရောဂါပိုးတွေ ဝင်ရောက်လာတဲ့အခါ၊ ဒါမှမဟုတ် လိုအပ်ချက် အရ ဆေးတစ်မျိုးမျိုးကို သောက်သုံးရတဲ့အခါ သွေးနီဥတွေကို ထိခိုက်စေတဲ့ ဓါတ်တွေ ထွက်လာတတ်ပါတယ်... အဆိုပါဓါတ်တွေကြောင့် သွေးနီဥတွေ ထိခိုက်ပျက်စီးမယ့် ဒဏ်ကနေ G6PD အင်ဇိုင်းက ကာကွယ်ပေးပါတယ်...
ဒါကြောင့် G6PD ဓါတ်ချို့တဲ့တာ၊ ဒါမှမဟုတ် G6PD တွေ ကောင်းကောင်းအလုပ် မလုပ်တဲ့ အခြေအနေတွေမှာ သွေးနီဥတွေကို ကာကွယ်မှု အားနည်းတဲ့အတွက် ဒီလိုအခြေအနေမှာ ရောဂါပိုးဝင်ရောက်ခြင်း၊ အချို့သောဆေးများကို သောက်သုံးခြင်း များ ပြုလုပ်တဲ့အခါ သွေးနီဥတွေ ပေါက်ပြဲပြီး Haemolytic anemia ခေါ် သွေးအား နည်းရောဂါမျိုး ဖြစ်ပေါ်တတ်ပါတယ်...
G6PD Deficiency ဖြစ်ပွားရသော အကြောင်းအရင်း
G6PD deficiency ရောဂါဟာ မိဘတစ်ဦးသို့မဟုတ် ၂ ဦးလုံးဆီကနေ ရရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာရောဂါ ဖြစ်ပါတယ်... X chromosome ခေါ် တဲ့ မျိုးရိုးဗီဇကနေ ရောဂါ ပျံ့ပွားပါတယ်... X chromosome တစ်ခုတည်းရှိတဲ့ အမျိုးသားတွေမှာ ရောဂါ အဖြစ်များ ပါတယ်... အမျိုးသမီးတွေမှာ X chromosome ၂ခု ပါဝင်တဲ့အတွက် များသော အားဖြင့် ရောဂါလက္ခဏာမပြဘဲ ရောဂါမျိုးရိုးသယ်ဆောင်သူ (carriers) တွေ အဖြစ်သာ တွေ့ရှိရတာ များပါတယ်...
လေ့လာသူများရဲ့ တွေ့ရှိချက်အရ G6PD deficiency ဖြစ်တဲ့သူတွေမှာ ငှက်ဖျားရောဂါကို အထိုက်အလျောက်ကာကွယ်မှု ပေးတယ်လို့ ဆိုပါတယ်... ငှက်ဖျားရောဂါကို ကာကွယ်ဖို့ ကိုယ်ခန္ဓာရဲ့ မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှုတစ်မျိုး ဖြစ်နိုင် တယ်လို့ ယူဆကြပါတယ်... ဒါကြောင့် ငှက်ဖျားရောဂါ အဖြစ်များတဲ့ မြေထဲပင်လယ် (Mediterranean) ဒေသနဲ့ အာဖရိကဒေသတွေမှာ ဒီရောဂါအဖြစ်များတတ် တာကို တွေ့ရှိရပါတယ်...
G6PD Deficiency ရဲ့ လက္ခဏာများကို ပိုဆိုးစေသော အကြောင်းရင်းများ
ပုံမှန်အားဖြင့် G6PD Deficiency ရောဂါရှိတဲ့ ကလေးငယ်တွေမှာ ဘာလက္ခဏာမှ မပြဘဲ သာမာန်ရောဂါမရှိတဲ့သူလိုပဲ နေထိုင်နိုင်ကြပါတယ်... ဒါပေမယ့် ဒီရောဂါကို ဆွပေးတတ်တဲ့ အခြေအနေတွေ ရှိပါတယ်... ဒါတွေကတော့-
- ဗိုင်းရပ်စ် သို့ ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်း
- အဖျားကျဆေး၊ အနာသက်သာဆေး၊ ပိုးသတ်ဆေးအချို့
- ငှက်ဖျားရောဂါ ကုသသည့် Primaquine, Pamaquine, Chloroquine စသည့်ဆေးများ
- ပရုတ်လုံး (naphthalene)
- Fava Beans ခေါ် ပဲ
စသည်ဖြင့် အခြေအနေများစွာရှိပါတယ်...
(မှတ်ချက်။ ။ G6PD Deficiency နှင့်မတည့်သော ဆေးများစွာ ရှိသည့်အတွက် ရောဂါ ရှိသော ကလေးများကို မလိုအပ်ဘဲ ဆေးမတိုက်သင့်ပါ... လိုအပ်ပါကလည်း ဆရာဝန် ညွှန်ကြားသည့်ဆေးများကိုသာ တိုက်ကျွေးသင့်ပါသည်...)
G6PD Deficiency ရောဂါ၏ လက္ခဏာများ
အထက်ပါအကြောင်းအရင်းတွေကြောင့် သွေးနီဥ (RBC)တွေ ပျက်စီးမှု သိပ်မရှိရင် ရောဂါလက္ခဏာ ကြီးကြီးမားမား ပြသတာမျိုးမရှိဘဲ RBC တွေ ပျက်စီးတာ များရင်တော့ ရောဂါလက္ခဏာတွေ ပေါ်တတ်ပါတယ်... ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေ ကတော့-
- ဖြူဖျော့ခြင်း (သွေးအားနည်းခြင်းကြောင့်)
- ပင်ပန်းနွမ်းနယ်ခြင်း
- နှလုံးခုန်မြန်ခြင်း
- အသက်ရှုူ မြန်ခြင်း
- အသားဝါခြင်း
- ဘေလုံးခေါ် Spleen ကြီးခြင်း
- ဆီးအရောင်ရင့်ခြင်း (dark, tea-colored urine)
ကုသခြင်း
များသောအားဖြင့် G6PD ရောဂါမှာ ဖြစ်ပွားစေတဲ့ အကြောင်းအရင်း Triggers တွေကို ဖယ်ရှား၊ ရပ်တန့်လိုက်ရင် ရောဂါသက်သာတာ မြန်တတ်ပါတယ် (အများအားဖြင့် ၁ ပတ် ၂ ပတ် အတွင်း)... ရောဂါလက္ခဏာ ကြီးကြီးမားမား မရှိရင် ဆေးကုသစရာ မလိုလှပါဘူး...
ရောဂါ ပြင်းထန်ရင်တော့ ဆေးရုံတင်ကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက် ကုသမှုကို ပြုလုပ်ရပါတယ်...
ဘယ်လိုကာကွယ်ရမလဲ?
G6PD Deficiency ရောဂါဟာ မျိုးရိုးဗီဇဆိုင်ရာ ပြဿ နာ ဖြစ်တာကြောင့် ကြိုတင်ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး... မိမိမျိုးရိုးမှာ ဒီရောဂါရှိဖူးတဲ့ ရာဇဝင်ရှိရင် မိမိကိုယ်တိုင်နဲ့ မိမိကမွေးဖွားလာတဲ့ သားသမီးတွေမှာ ဒီရောဂါရှိမရှိ သွေးစစ်ဆေး သင့်ပါတယ်...
ရောဂါရှိခဲ့ရင် ဒီရောဂါကို ပိုဆိုးစေတဲ့ အကြောင်းအရင်း Triggers တွေ ကို လေ့လာပြီး အဆိုပါ အကြောင်းအရင်းတွေကို ကာကွယ်ရမှာ ဖြစ်ပါတယ်... ဒီလို ကာကွယ်ခြင်းဟာ G6PD ချို့တဲ့ခြင်းရောဂါရှိတဲ့ ကလေးငယ်တွေကို စောင့်ရှောက်တဲ့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်... ဒီနည်းအားဖြင့် ရောဂါရှိပေမယ့် ရောဂါလက္ခဏာ မပြတဲ့ သာမာန်ကလေးငယ်တစ်ယောက်ရဲ့ ဘဝမျိုးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်...
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Dr.Mild
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
