ကလေးသွားများ အလေးထားစေချင်( Oral Health for Kids )
30-Oct-2016
ကလေး မိခင်တစ်ယောက်က ပြောလိုက်တာပါ။ ကလေးရဲ့ ညာဘက် ငယ်သွားအောက် အံသွားနှစ်ချောင်းလုံး ပိုးစားနေပြီ။ ဆေးခန်းရာက်တာနောက်ကျသွားလို့ သွားအူတိုင်ထိ ပိုးစားတာ ရောက်သွားတော့ အကြောလေးတွေရောင်ပြီး အကြောသတ် ကုသတာ (root canal treatment/ endodontic treatment) လုပ်ပေးပြီး၊ ပြန်ဖာလို့ ရအောင် ကြိုးစားပေးနေတာပါ။ ကြီးသွားလဲချိန် မရောက်သေးတော့ ဒီငယ်သွားကို နှုတ်လိုက်ရင် နောင်ဖြစ်လာမယ့် အကျိုးဆက်တွေကို ကလေးမိခင်ကို ရှင်းပြနေရပါတယ်။ငယ်သွား အံသွားတွေက ကလေးအသက် ၂နှစ်ခွဲကနေ ၃နှစ်အတွင်း စပေါက်ပါတယ်။
အဲဒီအချိန်မှာ ကလေးကို သွားတိုက်ပေးတဲ့၊ သွားတိုက်ခိုင်းတဲ့ အလေ့အထ မစွဲမြဲသေးဘူးဆိုရင် အသက် ၅နှစ်၊ ၆နှစ်လောက်ကစပြီး ဒီအံသွားတွေကို ပိုးစားပါတော့တယ်။ ၄နှစ် လောက်ကတည်းက ပိုးစားတဲ့ ကလေးတွေတောင်တွေ့ဖူးပါတယ်။ ကျွန်တော်တို့ မောင်နှမတွေက ကံကောင်းခဲ့ပါတယ်။ ဖေဖေက သူကိုယ်တိုင် သွားပိုးစားခံရပြီး သွားတွေ နှုတ်ခံရဖူးတော့၊ စာအုပ်တွေက တစ်ဆင့် သွားကျန်းမာရေး အလေ့အကျင့်ကောင်းတွေကို သိလာပြီး လိုက်နာကျင့်သုံးတယ်။ ကျွန်တော်တို့ မောင်နှမတွေကိုလည်း ညမအိပ်ခင် အမြဲ သွားတိုက်ခိုင်းပါတယ်။
ကျွန်တော်က ငယ်ငယ်လေးကတည်းက ၁၀တန်းအထိ အအိပ်သိပ်မက်တယ်။ ညဆို (၈)နာရီထက်ကျော်ပြီး မနေနိုင်ခဲ့ဘူး။ တအားအိပ်ငိုက်လာပြီး သွားမတိုက်နိုင်တော့ဘဲ အိပ်ပျော်ပျော်သွားလေ့ ရှိခဲ့ပါတယ်။ အဲလိုနေ့တွေဆို ဖေဖေက အိပ်ယာထဲကနေပွေ့ခေါ်လာပြီး မရမက သွားတိုက်ခိုင်းပြီးမှ ပြန်အိပ်ခိုင်းလေ့ရှိပါတယ်။ ဒီကျေးဇူးတွေကြောင့် ကျွန်တော်တို့တွေ သွားပိုးမစားခဲ့ကြပါဘူး။တချို့မိဘတွေက ကလေးကို အလိုလိုက်လွန်တယ်၊ သနားတယ်၊ ပေါ့ဆကြတယ်။ "ကဲ..အိပ်ပါစေ။ ပိုးစားလဲ နှုတ်လိုက်ပေါ့၊ နောက်ကြီးသွား ပြန်ပေါက်မှာပဲ" ဆိုပြီး မကြပ်မတ် ကြဘူးလေ။ ခပ်ငယ်ငယ်ကတည်းကပဲ ပိုးစားပြီပေါ့။
ငယ်သွားတွေက ကြီးသွားနဲ့စာရင် အရွယ်လည်းသေး၊ ကြွေလွှာလည်း ပါးတယ်။ ပိုးစားပြီဆိုတာနဲ့ သွားအတွင်းဆုံးလွှာ အူတိုင်အထိရောက်ဖို့ သိပ်မြန်ပါတယ်။ ကလေးက သွားနာတယ်ပြောမှ ဆေးခန်းပြမိကြတဲ့ အချိန်ကျတော့ ရိုးရိုးတန်းတန်း ဖာထေးလို့ မရအောင် ပိုးစားတာက သွားအတွင်းသားကို ရောက်နေပြီလေ။ စောစောက ကလေးမိခင်ပြောသလို သွားကိုဆေးမကုဘဲ အရွယ်မတိုင်ခင် နှုတ်လိုက်မယ်ဆိုရင် ဘာတွေ ဖြစ်နိုင်လဲ ကြည့်ရအောင်။
အောက်ကဓာတ်မှန်ထဲမှာ အသက် (၇)နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ခံတွင်းထဲမှာရှိတဲ့ ငယ်သွားနဲ့ ကြီးသွားတွေ၊ ပေါက်ချိန် မတန်သေးလို့ သွားဖုံးရိုးထဲမှာ ဖွဲ့တည်ဆဲဖြစ်တဲ့၊ အမြစ်မစုံသေးတဲ့ ကြီးသွားတွေကိုတွေ့ရပါမယ်။ငယ်သွား အံသွားလေးကို ဒီအသက်အရွယ်မှာ နှုတ်လိုက်ရတယ် ဆိုရင် ပုံမှာအတိုင်း ကြီးသွား အံသွားကြီးက နှုတ်လိုက်တဲ့ သွားနေရာကို ယိုင်ကျလာမယ်။သူ့အောက်က ထွက်မယ့် ကြီးသွား(ဒုတိယအံသွားလေး) ပေါက်ရမယ့် အရွယ်ရောက်တော့နေရာမှန် မပေါက်နိုင်တော့ဘဲ၊ လွတ်တဲ့နေရာတွေမှာ ဘေးသွားတွေနဲ့ထပ်ပြီး ပေါက်ရပါတော့တယ်။
သွားတွေထပ်တဲ့အတွက် အစာတွေက သွားထပ်တဲ့ ကြားတွေထဲဝင်ပြီး သွားတိုက်လို့လည်း မပြောင်နိုင်တဲ့အတွက်၊ အသက်ငယ်ငယ်မှာဘဲ ကြီးသွားတွေ ပိုးစားရရှာပါတယ်။ ကလေးမိဘတွေ သတိပြုစရာပါ။ ကိုယ့်ကလေးရဲ့အနာဂတ် ပညာရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စတာတွေ အားလုံးဟာ၊ မိဘတွေရဲ့ စံနစ်တကျ ပြုစုစောင့်ရှောက်မှုပေါ်မှာ အများကြီးမူတည်နေတာမို့၊ ကိုယ့်ကလေးကို ချစ်ရင်၊ ပစ္စုပ္ပန် အချိန်လေးကိုပဲ ကွက်မကြည့်ဘဲ၊ ကလေးရဲ့အနာဂတ်အထိ မျှော်တွေးစဉ်းစားပြီး၊ ငယ်ကတည်းက ကောင်းတဲ့ အမူအကျင့် အတွေးအခေါ်လေးတွေကစပြီး သင်ကြားလေ့ကျင့်ပေးသွားဖို့ လိုတယ်ဆိုတာ အကြံပြု လိုက်ရပါတယ်။
Ref:
Dr. Nyan
Labels: Dental health
publichealthinmyanmar
Wednesday, January 21, 2009
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
