အိပ်ရေးပျက်ခြင်းက သင့်ခန္ဓာကိုယ်ကို ဘယ်လိုဒုက္ခပေးသလဲ
20-Mar-2026
အိပ်ရေးပျက်ခြင်းက သင့်ခန္ဓာကိုယ်ကို ဘယ်လိုဒုက္ခပေးသလဲ
+++++++++++++++++++++++++++++++++++++
ဦးနှောက်က တစ်ကိုယ်လုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးရတာပါ။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ဦးနှောက်ဆီကို အချက်ကောင်းကောင်း မပြနိုင်တော့ပါဘူး။ အိပ်နေတဲ့ အချိန်အတွင်းမှာ ဦးနှောက်ဆဲလ်လေးတွေက တစ်နေ့တာ တွေ့ကြုံရသမျှကို မှတ်သားပေးပါတယ်။ မအိပ်ထားရင် ဦးနှောက်က ပင်ပန်းပြီး သူ့အလုပ်သူ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒါပြင် အာရုံစူးစိုက်ရတာ၊ မှတ်ရခက်တာတွေ ဖြစ်လာမှာပါ။ ခန္ဓာကိုယ်က တုံ့ပြန်တာ နှေးသွားတဲ့အတွက် မတော်တဆထိခိုက်နိုင်ချေလည်း ပိုများပါတယ်။ နောက်ပြီး အားလုံးသိပါတယ်။ အိပ်ရေးမဝရင် ဘာကို အလိုမကျမှန်းမသိ အလိုလိုနေရင်း စိတ်တိုနေတာပါ။ ဆုံးဖြတ်ချက်ချတာလည်း မှားနိုင်သလို၊ စိတ်ကူးဉာဏ်တွေလည်း မပွင့်တော့ပါဘူး။
ရေရှည်မှာ မရှိတာတွေကို ရှိတယ်လို့ ထင်လာမယ်။ အထင်မှားတွေ အမြင်မှားတွေ ဖြစ်လာမယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တဲ့
• စိတ်လှုပ်ရှားတာ
• စိတ်ကျတာ
• သတ်သေချင်စိတ်ပေါက်တာတွေ ဖြစ်လာနိုင်ပါတယ်။
တစ်ခါတစ်လေ အိပ်ငိုက်လွန်းလို့ နေ့လည်ဘက်တွေမှာ ကိုယ့်ကိုယ်ကို မသိလိုက်ဘဲ ခဏလေး အိပ်ပျော်သွားလိမ့်မယ်။ ဒါဟာ အင်မတန်မှ အန္တရာယ်များပါတယ်။ မတော်တဆ ကားမောင်းနေရင်းနဲ့ ဖြစ်ဖြစ်၊ အမြင့်တက်နေရင်းနဲ့ ဖြစ်ဖြစ် အိပ်ပျော်သွားခဲ့မယ်ဆိုရင် အက်စီးဒင့်ဖြစ်နိုင်ချေ များပါတယ်။
• ခုခံအားစနစ်
အိပ်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ခုခံအားဓာတ်တစ်မျိုးဖြစ်တဲ့ cytokines ကို ထုတ်ပေးပါတယ်။ သူက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပါတယ်။ နောက်ပြီး လူကိုလည်း အိပ်ပျော်စေပါတယ်။ အိပ်ရေးဝမှ အားပြည့်ပြီး ရောဂါဒဏ်ကို ခံနိုင်ရည်ရှိမှာပါ။
အိပ်ရေးမဝဘူးဆိုရင် ခုခံအားစနစ် တဖြည်းဖြည်း ပျက်ယွင်းလာမှာပါ။ အားမရှိတဲ့အတွက် ရောဂါပိုးတွေကို တိုက်ထုတ်နိုင်မှာ မဟုတ်သလို နေမကောင်းဖြစ်ပြီးရင်လည်း နာလန်ထူဖို့ ခက်ပါတယ်။ ရေရှည်မှာ ဆီးချိုတို့လို နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။
• အသက်ရှူလမ်းကြောင်း
အိပ်စက်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းက အပြန်အလှန် ဆက်စပ်နေပါတယ်။ အိပ်ဟောက်ရှူရပ်ရောဂါဖြစ်တဲ့ အိပ်နေတုန်းမှာ အသက်ရှူရပ်ရပ်သွားတာက အိပ်ရေးကို ပျက်စေပါတယ်။ အိပ်နေရင်း နိုးနိုးလာတဲ့အတွက် အိပ်ရေးပျက်ပြီး ခုခံအားကျလာတာကြောင့် ရေရှည်မှာ အအေးမိ၊ တုပ်ကွေး ဖြစ်လွယ်ပါတယ်။ ဒါ့ပြင် နဂိုရှိပြီးသား ရောဂါအခံဖြစ်တဲ့ နာတာရှည် အဆုတ်ရောဂါတွေကိုလည်း ပိုဆိုး စေပါတယ်။
• အစာခြေစနစ်
အစားကလည်း အများကြီးစားမယ်၊ လေ့ကျင့်ခန်းလည်း မလုပ်တဲ့ အပြင် အိပ်ရေးပါထပ်ပျက်ဦးမယ်ဆိုရင် အဝလွန်လာဖို့ မကြာတော့ပါဘူး။ အိပ်စက်ဖြင်းက ဆာလောင်ခြင်းနဲ့ ပြည့်အင့်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းနှစ်ခု leptin နဲ့ ghrelin အပေါ် သက်ရောက်မှု ရှိပါတယ်။
leptinက ပြည့်အင့်ခြင်းကို ဖြစ်စေပါတယ်။ အိပ်ရေးပျက်လို့ ရှိရင် ဦးနှောက်မှာ leptinနည်းပြီး ဆာလောင်စေတဲ့ ghrelinများလာပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်လေ ဗိုက်ဆာလေ ဖြစ်တာပေါ့။
နောက်တစ်ခုက အိပ်ရေးပျက်ရင် ပင်ပန်းပြီး လေ့ကျင့်ခန်း မလုပ်နိုင်တော့ပါဘူး။ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် ကြာလာတော့ ဝိတ်တက်လာတာပေါ့။
အိပ်ရေးပျက်လို့ရှိရင် အင်ဆူလင်လည်း အထွက်များလာပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးပါတယ်။ အင်ဆူလင်များလာရင် အဆီကို သိုလှောင်တာများလာပြီး အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်ဖို့ အလားအလာ များလာပါတယ်။
• နှလုံး
အိပ်စက်ခြင်းက သင့်နှလုံးနဲ့ သွေးကြောတွေရဲ့ ကျန်းမာရေး အပြင် သွေးတွင်းသကြားဓာတ်၊ သွေးဖိအား၊ ဆဲလ်များ ရောင်ရမ်းခြင်း စတဲ့ အချက်တွေကိုပါ ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် အိပ်ရေးသာ မဝဘူးဆိုရင် နောက်မှာ နှလုံးနဲ့ပတ်သတ်ပြီး ထိခိုက်မှုတွေ ဖြစ်လာမှာပါ။ လေ့လာချက်တွေအရ အိပ်ရေးပျက်တာက နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာနဲ့ ဆက်စပ်မှုရှိနေပါတယ်တဲ့။
• ဟော်မုန်း
ဟော်မုန်းတွေ ထုတ်တာက အိပ်စက်ခြင်းနဲ့ သက်ဆိုင်နေပါတယ်။ တက်စတိုစတီရုန်းလို့ ခေါ်တဲ့ ဟော်မုန်း ထုတ်နိုင်ဖို့အတွက် အနည်းဆုံး ၃နာရီလောက် ဆက်တိုက်အိပ်ထားရပါမယ်။ ညမှာ အိပ်ရေးပျက်ပြီး ခဏခဏ ထရတာက ဟော်မုန်းထုတ်တာကို ထိခိုက်စေပါတယ်။
ကလေးတွေနဲ့ လူငယ်တွေမှာလည်း ဒီလိုပါပဲ။ သူတို့ကြီးထွားဖို့ လိုအပ်တဲ့ growth hormoneက အိပ်ရေးပျက်ရင် အထွက်နည်းသွားပါတယ်။ ဦးနှောက်ထဲမှာ ရှိတဲ့ ပီကျူထရီဂလင်းက ထုတ်ပေးနိုင်ပေမယ့် ပုံမှန်ထုတ်ပေးဖို့ လေ့ကျင့်ခန်းနဲ့ အိပ်စက်ခြင်းက ကူညီပေးပါတယ်။
ကဲ ဒီလောက်ဆိုရင် အိပ်ရေးပျက်တာက စိတ်မကြည်တာအပြင် ကိုယ်ထဲမှာပါ တိတ်တဆိတ်ထိခိုက်မှုတွေ ဖြစ်တတ်တယ်ဆိုတာ သိလောက်ပါပြီ။ တစ်ည နှစ်ညဆိုရင် ပြဿနာ မရှိပေမယ့် ရေရှည်မှာ ကျန်းမာရေးမထိခိုက်အောင် ပုံမှန်အိပ်ချိန်နဲ့ အိပ်ရေးဝအောင် အိပ်ဖို့ အကြံပြုလို့ပါတယ်။
Credit : Hello ဆရာဝန်
#7887healthcare #seveneighteightseven #healthcare
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

