Bleeding after sex (အတူနေပြီးနောက် သွေးဆင်းခြင်း)
26-Oct-2016
အတူနေပြီးနောက် သွေးဆင်းခြင်းသည် အဖြစ်များသော ပြဿနာတစ်ခု ဖြစ်သည်။ အသက်ငယ်သော အမျိုးသမီးများနှင့် သွေးဆုံးခါနီး အမျိုးသမီးများတွင် ဖြစ်လေ့ရှိပါသည်။ အဆိုပါ အရွယ်များတွင် ဖြစ်လျှင် ဆရာဝန် မဖြစ်မနေ ပြရန် သိပ်မလိုအပ်ပါ။ သွေးဆုံးပြီး အမျိုးသမီးများတွင် ဖြစ်လျှင်တော့ ဆရာဝန် နှင့်တိုင်ပင်ဖို့ လိုအပ်ပါလိမ့်မည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
• သားအိမ်ခေါင်း ကင်ဆာ (Cervical Cancer)
• သားအိမ်ခေါင်း အတွင်းနံရံသား ပုံမမှန်ဖြစ်ခြင်း (cervical Ectropian)
• ကင်ဆာမဟုတ်သာ သားအိမ်ခေါင်းတွင်း အသားပိုအလုံးများ ရှိနေခြင်း( Cervical Polyp)
• သားအိမ်ခေါင်းယောင်ယမ်းခြင်း (Cervicitis)
• အတူနေစဉ် ထိခိုက်ပွန်းတိုက်မှု ရှိခြင်း
• အမျိုးသမီး အင်္ဂါ တွင် ရေယုံ ပေါက်ခြင်း သို့မဟုတ် ကာသသားရောဂါ ပိုးကြောင့် အနာဖြစ်နေခြင်း နှင့် အခြား လိင်မှတဆင့် ကူးစက်သောရောဂါရှိနေခြင်း ( Sexually Transmitted Infection)
• ချစ်တင်းမနှီးနှောခင် လုံလောက်သော လှုံ့ဆော်မှု (Foreplay) မရှိခြင်းကြောင့် အမျိုးသမီး အဂါၤလမ်းကြောင်းကို ချောမွေ့စေသော အရည်မထွက်နိုင်ခြင်း။
• သားအိမ် နံရံကို ထိခိုက်မှုဖြစ်မိခြင်း (အထူးသဖြင့် တားဆေးသုံးစွဲသော အမျိုးသမီးများတွင် တွေ့ရလေ့ရှိပါသည်)
• ပုံမှန် ရာသီသွေးဆင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည် ( ရာသီစပေါ်သောရက် သို့မဟုတ် ရာသီပြီးသောရက်နှင့် တိုက်ဆိုက်နေရင်ဖြစ်တတ်ပါသည်)
• မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ ပါးလွှာခြင်း၊ နှင့် မိန်းမကိုယ် ယောင်ယမ်းခြင်း တို့ကြောင့်လညး် ဖြစ်နိုင်ပါသည်။
• ကြမ်းတမ်းသော ဆက်ဆံမှုအနေအထားကြောင့်လည်း ဖြစ်နိုင်ပါသည်။ မတရားကျင့်ခံရသော အခြေအနေမျိုးတွင် အတွေ့များသည် ( Sexual abuse)
စစ်ဆေးမှုများ
- သွေးမဆုံးသေးသော အမျိုးသမီး ဆိုလျှင် ကိုယ် ဝန်ရှိမရှိစစ်ဆေးခြင်း
- ဆရာဝန်မှ မိန်းမကိုယ်ကို စမ်းသပ်မှု ပြုခြင်း (Vaginal Examination)
- သားအိမ်ခေါင်း ကို Speculum ဟုခေါ်သော နာကျင်မှုမရှိစေသည့် ကိရိယာ ဖြင့် ကြည့်ရှုစစ်ဆေးခြင်း
- သားအိမ်ခေါင်း ကင်ဆာ အတွက် စစ်ဆေးမှု မပြုလုပ်ဖူးသူ သို့မဟုတ် လုပ်ဖူးသော်လည်း ထပ်စစ်ဆေးရမည့် အချိန်ကျော်လွန်သူများ အနေဖြင့် သားအိမ်ခေါင်း အမြှေးပါး ယူ၍စစ်ဆေးခြင်း (Pap Smear) (အတူနေပြီး နောက် သွေးဆင်းစေသော အဓိက အကြောင်းအရင်းမှာ သားအိမ်ခေါင်း ကင်ဆာဖြစ်သည့်အတွက်ဖြစ်ပါသည်။)
သားအိမ်ခေါင်း ကင်ဆာ အနေအထား မတွေ့ရှိခဲ့လျှင် ကာကွယ်ဆေး ထိုးနိုင်ပြီး၊ တွေ့ခဲ့လျှင်လည်း စောစီးစွားကုသမှု ခံယူနိုင်ပါသည်။
ကုသခြင်း
အသက်အရွယ် နှင့် လိုက်၍ ကုသမှုခံယူ ရန် လိုမလို ကွဲပြားနိုင်ပါသည်။သွေးဆုံးခါနီး အရွယ်တွင် ဖြစ်ပြီး၊ တစ်ကြိမ် တစ်ခါမျှသာ ဖြစ်ခြင်း ဆိုလျှင်တော့ ကုသမှုှ မလိုပဲ နေနိုင်ပါသည်။ သို့ရာတွင် သားအိမ်ခေါင်း ကင်ဆာ ကို ပုံမှန်စစ်ဆေးထားပြီး ရောဂါမရှိသော အဖြေထွက်ထားသူများအတွက်သာ ဆိုလိုပါသည်။ အမျိုးသမီး အဂါၤမှာ အနာ ရှိခြင်း၊ ရေယုံ ပေါက်ခြင်း ကြောင့် ဆိုလျှင်လည်း ထိရောက်သော ကုသမှုခံယူရမည် ဖြစ်ပါသည်။
သွေးဆုံးပြီး အမျိုးသမီး များတွင် ဖြစ်လျှင်တော့ တစ်ကြိမ် ဖြစ်စေ၊ အနည်းငယ်ပင် ဖြစ်စေ ဆရာဝန်နှင့် ပြသပြီး ဆွေးနွေးမှု လုပ်ရန် လိုအပ်မည်ဖြစ်သည်။ ဖြစ်စေသော အကြောင်းရင်းထဲမှာ အသက်အရွယ်ကြီးလာ၍ မိန်းမကိုယ် ပါးလွှာခြင်း ၊ ခြောက်သွေ့ခြင်း ကြောင့် ဖြစ်ခြင်းထက် ကင်ဆာ နှင့် အခြားကုသမှု လိုအပ်သော အကြောင်းများကြောင့် ဖြစ်စေခြင်းက ပိုများသည့်အတွက် ဖြစ်ပါသည်။
Ref: NHS Choices, UK
Mayo Clinics
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
