နေရောင်ခြည်နှင့်အရေပြား
25-Feb-2017
နေရာင်ခြည်မှာ ရောင်ခြည်အမျိုးမျိုးပါတဲ့အထဲမှာ ခရမ်းလွန်ရောင်ခြည် (UV Rays) တွေလည်း ပါဝင်ပါတယ်။ ပြောရရင် အသားအရေပျက်စီးမှုရဲ့ အဓိကလက်သည်ဟာ ခရမ်းလွန်ရောင်ခြည်တွေပါပဲ။ ခရမ်းလွန်ရောင်ခြည် အမျိုးမျိုးရှိတယ်။ “အေ၊ ဘီနဲ့ စီ” တွေပါ။ “စီ”က အပြင်းဆုံးပါ။ အရေပြားမှာ နေလောင် အသားမာဖုနဲ့ အရေပြားကင်ဆာတွေအထိ ဖြစ်စေနိုင်တယ်။ “ဘီ” က အလယ်အလတ်ပါ။ နေလောင်တာ (Sunburn) ကို အဓိကဖြစ်စေတာ၊ အသားမည်းစေတာပါ။
“အေ” က ပျော့ပေမယ့် ရေရှည်အကျိုးသက်ရောက်မှုကို နည်းနည်းချင်းဖြစ်စေတာပါ။ သူ့ကြောင့် အသားအရေတွန့်တာ၊ အရောင်မညီတာ၊ အညိုအမည်းကွက်တွေ ထတာ၊ မှဲ့ခြောက်၊ တင်းတိပ်စတာတွေ ဖြစ်စေတာပါ။ ခရမ်းလွန်ရောင်ခြည် “စီ” က အိုဇုန်းလွှာကြောင့် မြေပြင်ကို သိပ်မရောက်တဲ့အတွက် “အေ” နဲ့ “ဘီ” က အဓိကအကျိုးသက်ရောက်မှုကို ဖြစ်စေတာပါ။ အဲဒီပြောပြခဲ့တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ် ကာကွယ်ပေးတာတွေကို Suncream, Sunblock, Sunproof, Suncover စတဲ့ နာမည်အမျိုးမျိုးနဲ့ ခေါ်နေတာပါ။
မြန်မာလို ရှင်းအောင် “နေကာလိမ်းဆေး” လို့ခေါ်ရင် ရပါတယ်။ လိုးရှင်း (Lotion)၊ ခရင်မ် (Cream)၊ ဖြန်းဆေး (Spary) နဲ့ဂျဲလ် (Gel) အနေနဲ့ ရရှိနိုင်တယ်။ “နေကာလိမ်းဆေး” တွေကို မည်သူမဆို နေ့စဉ်မှန်မှန်သုံးသင့်ပါတယ်။ အသားအရေ ပျက်စီးမှုကို အနည်းနဲ့အများ ကာကွယ်ပေးလို့ပါ။ မြန်မာပြည်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အသုံးအလွန်နည်းပေမယ့် ယနေ့အချိန်မှာတော့ အသုံးများလာတာ တွေ့ရပါတယ်။ သုံးမယ်ဆိုရင် ခရမ်းလွန်ရောင်ခြည် “အေ” နဲ့ “ဘီ” နှစ်မျိုးလုံး ကာကွယ်ပေးနိုင်တာကိုသုံးပါ။
နေကာနံပါတ်မျက်နှာအတွက် အနည်းဆုံး (၁၅) နဲ့ ကိုယ့်ခန္ဓာအတွက် အနည်းဆုံး နံပါတ် (၃၀) ပါတာကို ရွေးချယ်ပါ။ မျက်နှာအတွက် နေကာခရင်မ်၊ ဂျဲလ် ဆံပင်အတွက်နေကာဖျန်းဆေး၊ နှုတ်ခမ်းအတွက် နေကာနှုတ်ခမ်းနီ၊ ကိုယ်ခန္ဓာအတွက် နေကာလိုးရှင်း အမျိုးမျိုးသုံးလို့ရပါတယ်။ ချွေးထွက်၊ အဆီထွက်တဲ့ နွေရာသီမှာ နေကာခရင်မ်သုံးလို့ရသလို ခြောက်အောင်နေကာဂျဲလ်လည်းသုံးလို့ရတယ်။ အေးတဲ့ရာသီမှာတော့ ဂျဲလ်ကိုလျော့ပြီး ခရင်မ်ပိုသုံးသင့်တယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာစိုးဝင်းဦး
အရေပြားအထူးကုဆရာဝန်ကြီး
Ziwaka magazine, April 2016, Pg.64
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
