Print

နှလုံးသွေးကြောရောဂါ(Coronary Heart Disease)

  24-May-2019
Preview Image

          နှလုံးသွေးကြောရောဂါကို သွေးကြောကျဉ်းရောဂါ (Ischaemic heart disease) ဟူ၍လည်း သုံးနှုန်းလေ့ရှိသည်။ နှလုံးအတွက် လိုအပ်သော သွေးပမာဏကိ ုရရှိနိုင်ခြင်းမရှိသည့်အတွက် နှလုံးလုပ်ငန်းယိုယွင်းခြင်းဖြစ်သည်။ နှလုံးသွေးကြောကျဉ်းခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းကြောင့် သွေးလုံလောက်စွာ မရရှိနိုင်ခြင်းဖြစ်သည်။

          နှလုံးသွေးကြောရောဂါသည် စက်မှုဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် လူသေဆုံးမှု၏ ၂၅ မှ ၃၀ ရာခိုင်နှုန်းအထိ ဖြစ်စေသည်။ နှလုံးသွေးကြောရောဂါမှာ အသက်အရွယ် ကြီးရင့်မှုနှင့်လည်း ဆိုင်သည်။ လူအများအပြားတွင် ဖြစ်ပွားလာကြောင်းလည်း တွေ့ရသည်။

          နှလုံးသွေးကြောရောဂါလူနာများသည် -

 (၁) ရင်ဘတ်နာခြင်း၊ အောင့်ခြင်း ဖြစ်တတ်သည်။

 (၂) နှလုံးကြွက်သားများ ယိုယွင်းပျက်စီးခြင်းလည်း ဖြစ်နိုင်သည်။

 (၃) နှလုံးခုန် နရီစည်းဝါး ပျက်ယွင်းသွားနိုင်သည်။

 (၄) နှလုံး၏လုပ်ငန်း ယိုယွင်းပျက်စီးသွားနိုင်သည်။

 (၅) ရုတ်တရက် သေဆုံးခြင်း ကြုံတွေ့ရနိုင်သည်။


          နှလုံးသွေးကြောရောဂါဖြစ်သော အန္တရာယ်များမှာ -

·         အသက်အရွယ်ကြီးခြင်း

·         အမျိုးသားများဖြစ်ခြင်း

·         မိသားစုရာဇဝင်ရှိခြင်း

·         လူတို့၏ ကိုယ်ရည်ကိုယ်သွေး ကွဲပြားမှု

·         မျိုးရိုးဗီဇ

·         စီးကရက်သောက်ခြင်း

·         သွေးတိုးရောဂါ

·         သွေး အဆီဓာတ်များခြင်း

·         သွေးချိုဆီးချိုရောဂါ

·         အဝလွန်ကဲခြင်း

·         ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း

·         ဖိစီးမှုများ စသည်တို့ဖြစ်သည်။

အထက်ဖော်ပြပါ အန္တရာယ်များအနက် တချို့မှာ ရှောင်လွှဲ၍မရနိုင်ပေ။ သို့သော် တချို့ကိုမူ ရှောင်ကွင်း၍ ရနိုင်မည် ဖြစ်သည်။


     ထို့ကြောင့် နှလုံးသွေးကြောရောဂါဖြစ်ပွားမှုမှ ကာကွယ်လိုပါလျှင် -

(၁) စီးကရက် လုံးဝမသောက်ပါနှင့်။ ဆေးလိပ်၊ စီးကရက် သောက်သူဖြစ်ပါက ဖြတ်ပါ။

(၂) သွေးဖိအား ပုံမှန်ဖြစ်အောင်ထိန်းပါ။ သွေးချိန်ပါ။ အစားအသောက်ဆင်ခြင်ပါ။ သွေးကျဆေး မှီဝဲပါ။

(၃) သွေး ကိုလက်စထရောဓာတ်မှန်ပါစေ။ များနေလျှင် ဆေးပညာရှင်နှင့် တိုင်ပင်ပြီး ပုံမှန်ဖြစ်အောင် ကုသမှုခံယူပါ။

(၄) သွေးချိုဆီးချိုရောဂါရှိပါကလည်း သွေးသကြားဓာတ်မှန်အောင် ထိန်းသိမ်းပါ။

(၅) ကိုယ်အလေးချိန် မှန်ကန်အောင် ထိန်းပါ။ အစားအသောက် ဆင်ခြင်စားသုံးပြီး လေ့ကျင့်ခန်းလုပ်ဆောင်ရမည်။

(၆) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရမည်။ တက်ကြွစွာ သွားလာလှုပ်ရှား နေထိုင်ကြရမည်။

(၇) ဖိစီးမှုနည်းအောင် ကြိုးစားနေထိုင်ရန် လိုအပ်သည်။


Credit : ကျန်းမာရေးဆိုင်ရာ သတင်းနှင့် ဗဟုသုတများ 



Related Articles


Advertisment 18