Print

အရက်သောက်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ

  07-Jul-2026
Preview Image

အရက်သောက်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ

+++++++++++++++++++++++++++++

ရေတိုဆိုးကျိုးများ (Immediate Risks)

• တုံ့ပြန်မှု နှေးကွေးခြင်းနှင့် မတော်တဆမှုများဖြစ်ခြင်း

• အယ်လ်ကိုဟော အဆိပ်သင့်ခြင်း (Alcohol Poisoning

• အကြမ်းဖက်မှုနှင့် စိတ်ခံစားချက် မတည်ငြိမ်ခြင်း

ရေရှည်ဆိုးကျိုးများ (Chronic Risks)

• အသည်းပျက်စီးခြင်း (Liver Diseases): အသည်းအဆီဖုံးခြင်း (Fatty Liver) မှတစ်ဆင့် အသည်းရောင်ခြင်း (Alcoholic Hepatitis)၊ အသည်းခြောက်ခြင်း (Cirrhosis) နှင့် နောက်ဆုံးတွင် အသည်းကင်ဆာ အထိ ဖြစ်ပွားနိုင်ပါတယ်။

• နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ: သွေးတိုးရောဂါ၊ နှလုံးစည်းချက်မမှန်ခြင်း (Arrhythmia)၊ လေဖြတ်ခြင်း (Stroke) နဲ့ နှလုံးညှစ်အားကျရောဂါ (Heart Failure) တို့ကို ဖြစ်စေပါတယ်။

• ဦးနှောက်နှင့် အာရုံကြော စနစ် ထိခိုက်ခြင်း: မှတ်ဉာဏ်ချို့ယွင်းလာခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း၊ စိတ်ကျရောဂါ (Depression) နှင့် သောကရောက်ခြင်း (Anxiety) ကဲ့သို့သော စိတ်ကျန်းမာရေး ပြဿနာများ ပိုမိုဆိုးရွားလာတတ်ပါတယ်။

• ကင်ဆာရောဂါများ: အသည်းကင်ဆာအပြင် ခံတွင်းကင်ဆာ၊ အာခေါင်ကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို သိသိသာသာ မြင့်တက်စေပါတယ်။

• ကိုယ်ခံအားစနစ် အားနည်းခြင်း: ခန္ဓာကိုယ်ရဲ့ သဘာဝခုခံအားကို ကျဆင်းစေလို့ တီဘီရောဂါ (TB) နဲ့ အဆုတ်ရောင်ရောဂါ (Pneumonia) ကဲ့သို့သော ကူးစက်ရောဂါများ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

အရက်ကို စနစ်တကျ ဘယ်လိုဖြတ်ရမလဲ?

အရက်ဖြတ်ခြင်းက တစ်ညတည်းနဲ့ လုပ်ယူလို့မရတဲ့ ခရီးလမ်းတစ်ခုဖြစ်ပြီး စနစ်တကျ စိတ်ရှည်လက်ရှည် အဆင့်ဆင့် ဖြတ်တောက်ဖို့ လိုအပ်ပါတယ်။

-ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချပြီး ပန်းတိုင်သတ်မှတ်ပါ

• "ဘာကြောင့် ဖြတ်မှာလဲ" ဆိုတဲ့ အကြောင်းပြချက် ရှာပါ: မိသားစုအတွက်လား၊ ကိုယ့်ကျန်းမာရေးအတွက်လား၊ စီးပွားရေးအတွက်လား ဆိုတာကို သေချာတွေးပြီး စာရွက်ပေါ်မှာ ချရေးထားပါ။

• ဖြတ်မယ့်ရက် (Quit Date) အတိအကျ သတ်မှတ်ပါ: "နောက်မှ ဖြတ်မယ်" ဟု အချိန်မဆွဲဘဲ ရက်စွဲတစ်ခု အတိအကျ သတ်မှတ်ပြီး ပတ်ဝန်းကျင်ကို အသိပေးပါ။

-ပတ်ဝန်းကျင်ကို ပြောင်းလဲပါ

• အိမ်မှာရှိတဲ့ အရက်ပုလင်းတွေ၊ ဖန်ခွက်တွေကို အကုန်လုံး လွှင့်ပစ်ပါ သို့မဟုတ် ဖယ်ရှားပါ။

• အရက်သောက်တတ်တဲ့ အပေါင်းအသင်းတွေ၊ ပါတီပွဲတွေနဲ့ အရက်ဆိုင်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ကိုယ် အရက်ဖြတ်နေတာကို နားလည်ပေးပြီး အားပေးမယ့်သူတွေနဲ့ပဲ အချိန်ကုန်ဆုံးပါ။

-ခန္ဓာကိုယ် တုံ့ပြန်မှုကို သတိပြုပါ (Withdrawal Symptoms)

အရက်ကို နှစ်ရှည်လများ သောက်လာသူတစ်ဦးက ရုတ်တရက်ဖြတ်လိုက်ရင် လက်တုန်ခြင်း၊ အိပ်မပျော်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ ပျို့အန်ခြင်း စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါဟာ သဘာဝဖြစ်ပြီး ရက်အနည်းငယ်အတွင်း သက်သာသွားတတ်ပါတယ်။ အကယ်၍ တက်ခြင်း၊ စိတ်ယောင်မှားခြင်း (Delirium Tremens) ကဲ့သို့ ပြင်းထန်ပါက ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပြသရပါမယ်။

-အစားထိုး အလေ့အကျင့်ကောင်းများ မွေးမြူပါ

• အရက်သောက်ချင်စိတ် ပေါ်လာရင် ရေအေးအေး တစ်ခွက်သောက်တာ၊ သစ်သီးဖျော်ရည် သောက်တာမျိုးနဲ့ လမ်းလွှဲပါ။

• ကိုယ်လက်လှုပ်ရှားမှု (လေ့ကျင့်ခန်းလုပ်ခြင်း)၊ ဝါသနာပါတဲ့ အလုပ်တစ်ခုခု လုပ်ခြင်း (စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း) တို့ဖြင့် စိတ်ကို အလုပ်ရှုပ်နေအောင် ထားပါ။

-ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူများနှင့် တိုင်ပင်ပါ

အရက်ကို အလွန်အကျွံ စွဲစွဲလန်းလန်း သောက်သုံးနေသူများအတွက် မိမိဘာသာ ရုတ်တရက် ဖြတ်ခြင်းက အန္တရာယ်ရှိနိုင်ပါတယ်။ ဆရာဝန်နှင့် တိုင်ပင်ပြီး စနစ်တကျ ဖြတ်ခြင်းဖြင့် အရက်ဖြတ်ရာတွင် ကူညီပေးမည့် ဆေးဝါးများ (ဥပမာ - အယ်လ်ကိုဟော တောင့်တစိတ် လျော့နည်းစေမည့်ဆေးများ) နှင့် စိတ္တဇုပ္ပါဒ်ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု (Counseling) များကို ဘေးကင်းစွာ ရယူနိုင်ပါတယ်။

Dr. Hazel

Ref: WHO, CDC, NIAAA


#AlcoholAwarenessWeek

#seveneighteightseven

#7887healthcare

#7887callcenter 



Related Articles


Advertisment 18