Print

Heat Stroke သို့မဟုတ် ခန္ဓာကိုယ်တွင် အပူဓာတ်လွန်ကဲခြင်း

  10-Mar-2022
Preview Image

          အခုရက်ပိုင်းတွင် နွေရာသီကာလကို ရောက်ရှိနေပြီ ဖြစ်ပါသဖြင့် မိမိပတ်ဝန်းကျင်တွင် အပူချိန်မြင့်တက်လာခြင်း၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သော ခန္ဓာကိုယ်တွင် အပူဓာတ်လွန်ကဲခြင်း (Heat Stroke) အား ကာကွယ်နိုင်ရန် မိဘပြည်သူများ အနေဖြင့် ဘယ်လိုဆင်ခြင်နေထိုင်ရမလဲဆိုတာများကို  ဤဆောင်းပါးတွင် ဖော်ပြပေးသွားပါရစေ။

ပထမဦးစွာ သိသင့်တာကတော့...


Heat Stroke ဆိုတာဘာလဲ

          Heat Stroke ဆိုတာကတော့ ခန္ဓာကိုယ်တွင် အပူဓာတ်လွန်ကဲခြင်း အခြေအနေတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် မိမိပတ်ဝန်းကျင်မှမြင့်မားလာသောအပူချိန်ကို အချိန်ကြာမြင့်စွာ ထိတွေ့မိခြင်း၊ ထိုသို့ မြင့်မားသောအပူချိန်တွင် ကိုယ်လက်လေ့ကျင့်ခန်းများကို ပြင်းထန်စွာ ပြုလုပ်မိခြင်း စသည်တို့ကြောင့် ခန္ဓာကိုယ်တွင် အပူချိန်လွန်ကဲမြင့်မားလာသောကြောင့် ဖြစ်ရပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (တစ်နည်းအားဖြင့် ၄၀ ဒီဂရီ စင်တီဂရိတ်) နှင့် အထက် များသွားချိန်တွင် ဖြစ်ပွါးတတ်ပါတယ်။

          Heat Stroke ဟာ အရေးပေါ်ကုသမှုလိုအပ်သော ကျန်းမာရေး အခြေအနေတစ်ခုဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် Heat Stroke ကို အချိန်မှီမကုသဘဲ ထားလျှင် ခန္ဓာကိုယ်ရဲ့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်များနှင့် ကြွက်သားများကို လျင်မြန်စွာထိခိုက်နိုင်သောကြောင့် ဖြစ်သည်။ နောက်ဆုံးအနေနှင့် အသက်ပင် ဆုံးရှုံးနိုင်ပါတယ်။


Heat Stroke ၏ လက္ခဏာများ

·         ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီစင်တီဂရိတ်) နှင့်အထက် မြင့်တက်လာခြင်း

·         အသိ ဦးနှောက်ပိုင်း ဇဝေဇဝါဖြစ်လာခြင်း၊ စကားပြောလေးလံလာခြင်း၊ စိတ်အာရုံဝေဝါးလာခြင်း

·         တက်ခြင်း၊ သတိလစ်မေ့မြောခြင်း

·         အရေပြားတွင်ချွေးထွက်မှုပုံစံပြောင်းလဲခြင်း (ပတ်ဝန်းကျင်အပူချိန်မြင့်မားခြင်းကြောင့် ဖြစ်ပွားသော Heat Stroke တွင် အရေပြားသည် ခြောက်သွေ့ပြီး ပူနေမည်ဖြစ်သည်။ သို့သော်လည်း ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်ခြင်းကြောင့် ဖြစ်ပွါးလာသော Heat Stroke တွင်မူ အရည်ပြားသည် စိုစွတ်ကောင်း စိုစွတ်နေပါမယ်။

·         ပျို့ခြင်း၊ အန်ခြင်း

·         ခန္ဓာကိုယ်အရေပြားနီရဲခြင်း

·         အသက်ရှူနှုန်းမြန်လာခြင်း

·         နှလုံးခုန်နှုန်းမြန်လာခြင်း

·         ခေါင်းကိုက်ခြင်း


လူ တစ်ဦးတစ်ယောက် Heat Stroke ဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာကတော့

·         နီးစပ်ရာဆရာဝန် သို့မဟုတ် ဆေးကုသမှု အဖွဲ့ကို အမြန်ဆုံးအကြောင်းကြားပါ။ လိုအပ်လျှင် လူနာတင်ယာဉ် (Ambulance) ခေါ်ပါ။

·         လူနာအားအရိပ်ရသောနေရာသို့ အမြန်ဆုံးပြောင်းရွေ့ပေးပါ။

·         လူနာ၏အဝတ်အစားများကို တတ်နိုင်သလောက် အကုန်ချွတ်ပေးပါ။

·         လူနာဧ။် ခန္ဓာကိုယ် အပူချိန်အမြန်ဆုံး ကျဆင်းစေရန် လူနာအား ရေချိုးကန်တွင် စိမ်ပေးခြင်း၊ ရေအေးဖြင့် ရေချိုးပေးခြင်း၊ ရေခဲအိတ်ဖြင့်ရေပတ်တိုက်ပေးခြင်း၊ ပန်ကာအောက်တွင် ထားပေးခြင်း စသည်များလုပ်ပေးပါ။


အောက်ပါ လူအုပ်စုများဟာ အခြား သူများထက် Heat Stroke  ဖြစ်နိုင်ချေပိုများပါတယ်။ ၎င်းတို့မှာ-

·         အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုုများ 

·         အသက်ငယ်လွန်းသော ကလေးများ

·         နေပူထဲတွင် ကိုယ်လက်လေ့ကျင့်ခန်းနှင့် အားကစားလုပ်သူများ

·         အပူချိန်မြင့်မားသောဒေသသို့ ပြောင်းရွေ့လာသူများ

·         မိမိနေထိုင်သော အိမ်နှင့်အဆောက်အဦးတွင်း Air-con တတ်ဆင်းထားခြင်းမရှိသောသူများ

·         ခန္ဓာကိုယ်၏ သွေးကြောများကို ကျဉ်းစေသောဆေးဝါးများ သို့မဟုတ် ဆားဓာတ်နှင့် ရေဓာတ်ကို ဆုံးရှုံးစေနိုင်သော ဆီးဆေးများ သို့မဟုတ် စိတ်ဓာတ်ကျရာတွင် သောက်သောဆေးဝါးတစ်ချို့ကို မှီဝဲနေသူများ

·         လူ၏စိတ်ကိုကြွစေသော Amphetamine, Cocaine ကဲ့သို့သော ဆေးဝါးများကို သုံးစွဲနေသူများ

·         နာတာရှည်ရောဂါတစ်ခုခု ရှိနေသူများ (ဥပမာ - နှလုံးရောဂါ၊ အဆုတ်ရောဂါဝေဒနာသည်များ)

·         အဝလွန်သူများ

·         ခန္ဓာကိုယ်လှုပ်ရှားမှု အလွန်နည်းပါးသူများ

·         ယခင်က Heat Stroke ရဖူးသူများ


ကဲ။ ဟုတ်ပါပြီ။ ဒီလို အန္ဒရာယ်များပြီး ကြောက်စရာကောင်းတဲ့ Heat Stroke ကို ဘယ်လိုကာကွယ်ကြမလဲ။ မစိုးရိမ်ပါနဲ့။ ယခုလို နွေရာသီရောက်ချိန်တွင် အောက်ပါနည်းလမ်းများကိုသာ လိုက်နာပါက Heat Stroke မဖြစ်ပွါးနိုင်ပါ။

·         ထူထဲသော အဝတ်အထည်များကို ရှောင်ကျဉ်ပြီး၊ ပေါ့ပါး၍ လေဝင်လေထွက်ကောင်းသော အဝတ်အစားများကို ဝတ်ပါ။

·         နေပူထဲထွက်လျှင် ၂ နာရီ တစ်ကြိမ်နေပူလောင်ကာကွယ်သည့်လိမ်းဆေး (Sunscreen) လိမ်းပေးပါ။ နေကာမျက်မှန် တတ်ပါ။

·         အရည်များများသောက်ပေးပါ။

·         နွေရာသီတွင် ဆေးဝါးများကို အလွယ်တကူ မှီဝဲခြင်းကို ရှောင်ကျဉ်ပါ။ ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးဝါးများကို အလွယ်တကူ မသောက်သုံးပါနှင့်။ အချို့ဆေးဝါးများဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းချုပ်မှု စနစ်ကို ထိခိုက်နိုင်ပါတယ်ဆိုတာကို အမြဲတမ်း သတိပြုထားပါ။

·         နေပူထဲတွင် ရပ်ထားသောကားထဲတွင် တစ်ဦးတစ်ယောက်ထဲ မနေပါနှင့်။

·         နေ့ခင်းပိုင်းအချိန်မှာ ကိုယ်လက်လေ့ကျင့်ခန်း အားကစားလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

·         ဖြစ်နိုင်လျှင် နွေရာသီကာလတွင် Air-con ရှိသော နေရာတွင်နေပါ။ သို့မဟုတ် အိမ်တွင် Air-con တတ်ဆင်ပါ။

·         ရေအေးဖြင့် ပုံမှန်မကြာခဏရေချိုးပေးပါ။

·         အရက်နှင့်အရက်ပါဝင်သော အရည်များမသောက်သုံးပါနှင့်။ အရက်ဟာလည်း ခန္ဓာကိုယ်၏ အပူချိန်ထိန်းချုပ်မှုစနစ်ကို အနှောက်အယှက်ပေးနိုင်ပါတယ်။

အများပြည်သူများ နွေရာသီတွင် အပူဓာတ်လွန်ကဲခြင်းကြောင့်ဖြစ်သော Heat Stroke အန္တရာယ်မှ ကာကွယ်နိုင်ကြပါစေ။



Dr. Phyo Wai htun

Ref: Mayo Clinic


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18