ကလေးများ ညဘက် အိပ်ရာထဲတွင် ဆီးသွားခြင်း
28-Aug-2019
- ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ကလေးများသည် ညဘက် အိပ်ရာထဲတွင် ဆီးသွားခြင်းကို
ဖြစ်ဖူးကြပါသည်။
- ကလေးများအတွက် အိပ်ရာထဲတွင် ဆီးပေါက်ခြင်း ပြသနာသည် လွန်စွာစိတ်အနှောင့်အယှက်
ဖြစ်စေပြီး မိဘများ၌ စိုးရိမ်ပူပန်ခြင်းကို ဖြစ်စေပါသည်။
- မိသားစုအတွက် စိတ်ဖိစီးမှုပြသနာကို ဖြစ်ပေါ်စေပါသည်။
- အိပ်ရာ၊ စောင် ခဏခဏ လဲလှယ်ရခြင်းနှင့် အဝတ်များ ပို၍လျှော်ရခြင်းကြောင့်
အလုပ်ပိုကာ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်တတ်ပါသည်။
- အိပ်ရာထဲတွင် ဆီးသွားနေခြင်းကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းရပါမည်။
- မဟုတ်ပါက ကလေးငယ်သည် မိမိကိုယ်ကို ယုံကြည်မှုနည်းပါးလာပြီး စိတ်ဓာတ်ကျဆင်းနိုင်ပါသည်။
- ထိုမှတဆင့် ပေါင်းသင်းဆက်ဆံရေးနှင့် ပညာရေးကို ထိခိုက်လာနိုင်ပါသည်။
Antidiuretic Hormone (ADH)
- လူ့ခန္ဓာကိုယ်တွင် Antidiuretic ဟော်မုန်းကို ဦးနှောက်မှ ညဘက်တွင် ပို၍ထုတ်ပြီး
ဆီးသွားခြင်းနည်းအောင် ထိန်းပေးပါသည်။
- ကလေးအများစုသည် အသက် (၃) နှစ်မှ (၅) နှစ် အရွယ်အတွင်း ဤဟော်မုန်းကြောင့်
ညဘက်ဆီးသွားခြင်း လျော့နည်းလာပါသည်။
- အချို့ကလေးများတွင် ထိုသဘာဝစွမ်းရည် နောက်ကျတတ်ပါသည်။ ညဘက်တွင် ADH ပိုမထွက်၍
ဆီးအိမ်ထဲတွင် ဆီးများစွာ စုလာပြီး အိပ်ရာထဲတွင် ဆီးသွားခြင်းကို ဖြစ်ပေါ်စေပါသည်။
Primary နှင့် Secondary Nocturnal Enuresis
- ညဘက် အိပ်ရာထဲတွင် ဆီးသွားခြင်းကို primary နဲ့ secondary ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။
- ဖြစ်စေတဲ့အကြောင်းအရင်းများလည်း ကွဲပြားပါတယ်။
- primary ဆိုတာ မွေးဖွားပြီးနောက် ဆက်တိုက် အိပ်ရာထဲတွင် ဆီးသွားနေပြီး
မည်သည့်အခါမှ ဆီးမထိန်းနိုင်ခြင်းကို ခေါ်ပါတယ်။
- secondary ဆိုတာက အချိန်အတော်အတန်ကြာအောင် (အနည်းဆုံး ၆လ) ဆီးထိန်းနိုင်ပြီးမှ
အိပ်ရာထဲတွင် ဆီးပြန်သွားခြင်းကို ခေါ်ပါတယ်။
Primary Nocturnal Enuresis ဖြစ်စေရသည့် အကြောင်းအရင်းများ
- စောစောက ဖော်ပြခဲ့သလို Antidiuretic hormone အထွက်နည်းခြင်း
- ကလေးငယ်များသည် တစ်ညလုံး ဆီးမထိန်းနိုင်ခြင်း
- ကလေးများသည် ညဘက် ဆီးအိမ်တင်း၍ ဆီးသွားချင်လာသည့်အခါတွင် မနိုးခြင်း
- အချို့ကလေးများတွင် ညနေပိုင်းနှင့် ညပိုင်းများတွင် ဆီးပမာဏများများထွက်ရှိခြင်း
- နေ့အချိန်တွင် ဆီးကောင်းစွာသွားသော အလေ့အထမရှိခြင်း
Secondary Nocturnal Enuresis
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
- ဆီးချိုရောဂါဖြစ်ခြင်း
- ကျောက်ကပ်နှင့် ပက်သတ်သောရောဂါများ
- ဝမ်းချုပ်ခြင်း (ဝမ်းချုပ်တဲ့အခါ မစင်တွေနဲ့ပြည့်နေတဲ့ အီးအိမ်က ဆီးအိမ်ကို
သွားဖိပြီး ဆီးသွားချင်စိတ်ကို ဖြစ်စေပါတယ်)
- ခါးဆစ်ရိုး၊ အာရုံကြော ထိခိုက်ထားခြင်း
- ကလေး၏ စိတ်ခံစားမှုဆိုင်ရာ ပြသနာများ
ဘယ်လိုကုသမလဲ?
- secondary အမျိုးအစားဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ဖြစ်စေတဲ့အကြောင်းအရင်း၊
ရောဂါများကို ကုသရပါမယ်။
- primary အမျိုးအစားဆိုလျှင် အောက်ပါနည်းလမ်းများဖြင့် ကြိုးစားကုသကြည့်ပါ။
၁။ ညအိပ်ရာဝင်ခါနီး အရည်လျှော့သောက်ခိုင်းပါ။
၂။ ညအိပ်ရာမဝင်ခင် ဆီးသွားတဲ့ အလေ့အကျင့်ရှိပါစေ။
၃။ ညအိပ်ချိန်တွင် ဆီးသွားချင်စိတ်ဖြစ်ပေါ်လာပါက ဆီးထသွားခိုင်းပါ။
၄။ ကလေး ညဘက် အိပ်ရာထဲ ဆီးမသွားသောညများကို မှတ်ထား၍ ချီးမွမ်းခြင်း၊
ကလေးလိုချင်သောအရာကို ဝယ်ပေးခြင်း ပြုလုပ်ပါ။
၅။ ကလေးကို ဆူပူခြင်း၊ အပြစ်တင်ခြင်းများ မပြုလုပ်ရပါ။ မိသားစုများက ဝိုင်းဝန်း
အားပေးနှစ်သိမ့်ပါ။
၆။ ကလေးကို အိပ်ရာ၊ စောင်လဲရာတွင် ဝိုင်းဝန်းကူညီခိုင်းပါ။
၇။ သေးစိုလာသည်နှင့် အသံမြည်သော ကိရိယာကို မွေ့ယာတွင် တပ်ဆင်ထားပါ။
၈။ ADH ဟော်မုန်းပါသောဆေး သို့မဟုတ် ဆီးအိမ်ထိန်းသောဆေး တိုက်ခြင်း။
မည်သည့်အခါတွင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမလဲ?
- ကလေးငယ်သည် အမြဲတစေ အိပ်ရာထဲတွင် ဆီးသွားနေလျှင်
- လပေါင်းများစွာ ဆီးထိန်းနိုင်ပြီးနောက် အိပ်ရာထဲတွင် ဆီးပြန်သွားလျှင်
- ကလေး၏ ဘောင်းဘီတွင် သေးကွက်စိုလျှင်
- ကလေး၏ မိဘတစ်ဦးဦး၌ ငယ်စဉ်က အိပ်ရာထဲတွင် ဆီးသွားသော ရာဇဝင်ရှိလျှင်
- ဆီးသွားလျှင် နာကျင်ခြင်း၊ အောင့်ခြင်းများဖြစ်လျှင်
- ဆီး မကြာခဏခဏ သွားနေရလျှင်
- ပုံမှန်မဟုတ်သော ဆီးများသွားလျှင်
- ခြေထောက်၊ ခြေချင်းဝတ် ဖောရောင်လျှင်
- ကလေး၏ အပြု အမူနှင့် စာသင်ကြားမှုတွင် ထိခိုက်လာလျှင်
ဤပြသနာသည် သင်၏ကလေးတစ်ဦးတည်းတွင် ဖြစ်ခြင်းမဟုတ်ပါ။ ကလေးတော်တော်များတွင်
ဖြစ်နိုင်ပါသည်။ အချိန်ယူ ဖြေရှင်းရန်လိုပါသည်။ မိသားစုတစ်ခုလုံး အချိန်ပေး၍
စိတ်ရှည်စွာ ဝိုင်းဝန်းဖြေရှင်းခြင်းဖြင့် ကလေးငယ်အား ကူညီပါ။
Credit : stopwetting
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
