အတက်ရောဂါ
25-Feb-2017
တက်တယ် (seizure) ဆိုတာက ခန္ဓာ တစ်ကိုယ်လုံး တက်တာရှိသလို၊ ခန္ဓာ တစ်စိတ်တစ်ပိုင်းသာ ကွက်ပြီး တက်တာလည်း ရှိပါတယ်။ တစ်ကိုယ်လုံး တက်တာ (Grand mal epilepsy) ရဲ့ ဖြစ်စဉ်မှာတော့ အကြောတွေ ဆန့်ငင်ဆန့်ငင် တုန်တက်ပြီး သတိလစ်သွားမယ်၊ အတန်ကြာရင် ပြန်နိုးလာမယ်။ ဒါဟာ တဒင်္ဂ ခဏတာပဲ ဖြစ်တတ် ပါတယ်။ တက်တဲ့ရောဂါရဲ့ ဖြစ်စဉ်ကို ပြောရမယ်ဆိုရင် ဦးနှောက်အပြင်လွှာ (Cortex) မှာရှိတဲ့ အာရုံကြော (Neurones) တွေကနေ လှုံ့ဆော်မှု (electrical acitivity) တွေ ရုတ်တရက် လွန်လွန်ကြူးကြူး ထုတ်လွှင့်လိုက်လို့ ဖြစ်တာပါပဲ။ ဒီလို အာရုံကြောတွေ တစ်ပြိုင်တည်း လှုံ့ဆော်လိုက်တာကြောင့် တစ်ကိုယ်လုံးရှိ ကြွက်သားတွေအားလုံး ရုန်းပြီး ကျုံ့သွားစေပါတယ်။ လူတစ်ကိုယ်လုံး မလှုပ်ဘဲ တောင့်သွားပြီး သတိလည်းလစ် သွားတာကြောင့် ရုတ်တရက် ပစ်ပြီး လဲကျသွားတတ်ပါတယ်။ ဒီအခိုက်မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိတတ်ပါတယ်။ ကြွက်သားတွေ တောင့်သွားချိန်မှာ လျှာကိုလည်း ကိုက်မိတတ်ပြီး ဆီးအိမ်မှ ဆီးတွေလည်း ပေါက်ချလိုက်မိတတ်ပါတယ်။
ဒီအချိန်မှာ အသက်ရှူ ရပ်နေလို့ အောက်ဆီဂျင် မရရှိဘဲ နှုတ်ခမ်းတွေ ပြာနှမ်း သွားပါတယ်။ နောက် တစ်ဆင့်မှာတော့ ကြွက်သားတွေ ပြေလိုက်၊ ရှန်းလိုက်ဖြစ်နေတော့ ဆန့်ငင်ဆန့်ငင် တုန်ပြီး တက်နေတာ တွေ့ရပါမယ်။ ဒီအဆင့်ကလည်း သိပ်မကြာပါဘူး။ သူ့အရှိန်ကုန်ရင် အလိုလိုတက်တာ ရပ်ဆိုင်းသွားပါတယ်။ ဒါပြီးရင် နောက်ဆုံးအဆင့်မှာတော့ လူနာက တဒင်္ဂ အိပ်ပျော်သွားပြီးမှ ပြန်နိုး လာပါတယ်။ နောက်ထပ်တစ်ခါ ထပ်တက်ရင်လည်း ဒီဖြစ်စဉ်အတိုင်းပဲ ဖြစ်ပါတယ်။ တစ်ခါနဲ့တစ်ခါ ပြန်တက်တာ အချိန် ခြားတတ်ပါတယ်။ တစ်ကြိမ်တစ်ခါထက် ပိုတက် တတ်ပြီးရင်တော့ ထပ်ပြန်တလဲလဲ တက်ဖို့ များပါတယ်။ အချို့ ဆက်တိုက် တက် တာလည်း ရှိတတ်ပါတယ်။ (Status Epilepticus) ဆက်တိုက် တက်ရင်တော့ လူနာက အိပ်ပျော်သလို ဖြစ်ရာက နိုးခါနီးမှာ နောက်ထပ်တစ်ခါ တက်တာကြောင့် အတက်တွေ တစ်ခုနဲ့တစ်ခု ဆက်သွားတတ်ပါတယ်။ ဒီလိုဖြစ်ရင် အသက်အန္တရာယ် ရှိတဲ့အတွက် အရေးပေါ်အနေနဲ့ အထူးကြပ်မတ်ခန်း (ICU) မှာ ထားပြီး ကုရန် အလွန် အရေးကြီးပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခသန်းသန်းအေး
Ziwaka magazine, January 2015, pg.92-93
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
