Treatment of Cervical Spondylosis (ကျီးပေါင်းတက်ခြင်းကို ကုသခြင်း)
14-Dec-2018
ကျီးပေါင်းတက်ခြင်းကို ကုသခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နာကျင်ခြင်းမှ
သက်သာစေရန်နှင့် နာ့ဗ်ကြော များနှင့် ကျောရိုးအာရုံကြောမကြီးကို မပျက်စီးအောင်
ကာကွယ် ထိန်းသိမ်း ရန်ပင်ဖြစ်သည်။ ရောဂါ အပျော့အပြင်းအပေါ် မူတည်ပြီး ကုသသည့်
ပုံစံကို အောက်ပါအတိုင်း အဆင့် သုံးဆင့် ခွဲထားသည်ကို တွေ့ရပါသည်။
မပြင်းထန်သေးသည့် အဆင့်ကို ကုသခြင်း (Treatment of mild cases)
ရောဂါ မပြင်းထန်သော အဆင့်တွင်ကို ကုသရာတွင် ကျန်းမာရေး ပညာရှင်များ၏
ညွှန်ကြားချက်ကို အတိအကျ လိုက်နာပြီး အိမ်မှာ နေရင်းဖြင့် ကုသနိုင်ပါသည်။
(၁) Neck brace ခေါ် လည်ပင်းကွပ်ကို နေ့ဘက်တွင် တပ်ထားပေးခြင်း
လည်ပင်း၏ လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ကန့်သတ်ရန်နှင့် နာ့ဗ်ကြောများ ခံနိုင်ရည်
ရှိစေရန်အတွက် ဖြစ်သည်။
(၂) အကိုက်ခဲ သက်သာစေရန် အကိုက်ခဲပျောက်ဆေးများ အသုံးပြုခြင်း
(၃) Physiotherapist ၏ အကူအညီဖြင့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသည်တို့ဖြင့်
မပြင်းထန်သေးသည့် အဆင့်ကို သက်သာစေနိုင်ပါသည်။
အခြေအနေပိုဆိုးသည့် အဆင့်ကို ကုသခြင်း (Treatment of more serious cases)
ခွဲစိတ်ရန် မလိုအပ်ဘဲ ပိုမို ပြင်းထန်သည့် အခြေအနေကို ကုသမှုများမှာ
(၁) နာ့ဗ်ကြောများ၏ ဖိအားကို လျှော့နည်းစေရန် တစ်ပတ်၊ နှစ်ပတ်ခန့် ဆေးရုံတက်
အနားယူပြီး လည်ပင်းကို Traction ခေါ် လည်ပင်းထိန်းသည့် ငြမ်းဖြင့်
လုံးဝမလှုပ်ရှားစေပဲ ယာယီ အနားပေးခြင်း။
(၂) ကြွက်သားကို ပြေလျော့ အနားပေးစေသော ဆေးများ အသုံးပြုခြင်း။
(၃) Corticosteroid ထိုးဆေးကို ကျောရိုးဆစ်ကြား ထိုးပေးခြင်း၊ အလွန်အမင်း
နာကျင်သော နေရာများကို ထုံဆေးများထိုးခြင်း စသည်တို့ဖြင့် နာကျင်ခြင်းနှင့်
ရောင်ယမ်းခြင်းကို လျော့နည်းစေရန် ထိန်းချုပ်ပြီး ကုသနိုင်သည်။
အဆိုးဆုံး အခြေအနေအား ကုသခြင်း (Treatment most serious cases)
အထက်ပါ အဆင့် နှစ်ခုတွင် ဖေါ်ပြထားသော နည်းများဖြင့် ကုသ၍ လုံး၀ မသက်သာသော
အခြေအနေဖြစ်က ခွဲစိတ်သည့်နည်းဖြင့် သက်သာအောင် ကုသနိုင်ပါသည်။ သို့သော်
ခွဲစိတ်ခြင်းဖြင့် ပြဿနာ အားလုံးကို ဖြေရှင်း နိုင်သည်ဟု လုံး၀ ပုံသေတွက်၍ကား မရဘဲ
ပြန်ဖြစ်သည့် အခြေအနေများလည်း ရှိနိုင်ပါသည်။ ခွဲစိတ်ခြင်း၏ အကျိုးနှင့်
ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုး စသည်တို့ကို ခွဲစိတ်ဆရာဝန်မှ အသေးစိတ်
ရှင်းပြမည် ဖြစ်သည်။ ခွဲစိတ်ကုသရန် ဆုံးဖြတ်ပါက မိမိတွင် ဖြစ်နေသော အခြေအနေနှင့်
အဆင့်ကို အတိအကျ စမ်းသပ်ရန် လိုအပ်သဖြင့် အရိုးနှင့် အာရုံကြောစနစ်ကို အထူးပြုသည့်
ကျန်းမာရေး ပညာရှင်များဖြင့် ညှိနှိုင်း တိုင်ပင်ပြီး ဆောင်ရွက်ရန်
လိုအပ်ပါသည်။
Ref
Nge Naing
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
