ရေမြွှာနည်းခြင်း (Oligohydramnios)
06-Jun-2018
Amniotic fluid ရေမြွှာရည် ပုံမှန်ထက်နည်းနေတာကို oligohydramnios ခေါ်ပြီး ပုံမှန်ထပ်များနေတာကို hydramnios နဲ့ polyhydramnios လို့ခေါ်ပါတယ်။ ကိုယ်ဝန် ၁၂ ပတ်မှာ amniotic sac ရေမြွှာအိတ်ဖြစ်လာတဲ့နောက် amniotic fluid ရေမြွှာရည်လည်းဖြစ်လာတယ်။ အစပိုင်းမှာမိခင်ဆီကနေရတဲ့ ရေကနေ ရေမြွှာရည်ဖြစ်လာတယ်။ ကိုယ်ဝန် ၂၀ ပတ်နောက်ပိုင်းမှာ ကလေးရဲ့ ဆီးပါရောလာတယ်။ ပုံမှန် ကိုယ်ဝန်မှာ ရေမြွှာရည်ဟာ ၈၀၀ စီစီကနေ ၁၀၀၀ စီစီအထိရှိတယ်။ ၃၆ ပတ် နောက်မွေးကာနီးရင် နည်းနည်း နည်းလာတယ်။ ကိုယ်ဝန် ၃၂ ပတ်မှ ၃၆ ပတ်မှာ အရည်ထုထည် ၅၀၀ စီစီထက် နည်းနေတာကို ရေမြွှွာရည်နည်းတယ်လို့ခေါ်တယ်။ ကိုယ်ဝန် ၈%မှာ ရေမြွှာရည်နည်းနေတတ်ပြီး ၄%က အခုလိုရေမြွှာနည်းတဲ့ အခြေအနေထိရောက်တယ်။ ကိုယ်ဝန်နောက်ဆုံး သုံးလမှာအဖြစ်များပါတယ်။ ၁၂ %က ရက်နောက်ကျပြီးမှ မွေးကြတယ်။ ကိုယ်ဝန်လစေ့ဆိုတာ ၃၉ ပတ်ကနေ ၄၁ ပတ်အထိကို ခေါ်ပါတယ်။ ၄၂ ပတ်ကျော်သွားတာကို ရက်နောက်ကျမှ မွေးတာလို့ခေါ်တယ်။
ဗိုက်စမ်းကြည့်ရင် သားအိမ်အမြင့်က ရှိသင့်တာထပ် နိမ့်နေမယ်၊ အထဲက ကလေးအနေအထား တစ်မျိုးဖြစ်ချင်ဖြစ်နေမယ်၊ အပြင်ကနေစမ်းရင် ကလေးရဲ့ ခြေ၊ လက်စတာတွေက ပိုပြီးသိသာနေမယ်။ အယ်လ်ထရာဆောင်းရိုက်ပြီး amniotic fluid index(AFI) တိုင်းရင် ၅ စင်တီမီတာကနေ ၆ စင်တီမီတာ ထပ်နည်းနေမယ်။ Maximum vertical pocket (MPV) ကိုလည်းတိုင်းမယ်၊ MPV ဆိုတာ သားအိမ်ထဲက အနက်ဆုံးနေရာမှာ ရေမြွှာရည်တိုင်းတာကိုခေါ်တယ်။ ၂ စင်တီမီတာ ထက်နည်းနေရင် ဒီရောဂါပဲ။
ဘာလို့ဖြစ်သလဲ။ အကြောင်းအရင်းမသိတာက များတယ်။ များသောအားဖြင့် အထဲက ကလေးရဲ့ဆီးလမ်းကြောင်းစနစ် ချို့ယွင်းနေတာမို့ဖြစ်တယ်။ မိခင်လောင်းက ရေဓာတ်နည်းနေလို့လည်း ဖြစ်နိုင်တယ်။ Angtiotensin converting enzyme inhibitors ဆေးသောက်ရလို့လည်း ဖြစ်နိုင်တယ်။ မိခင်မှာ သွေးတိုးနဲ့ ကိုယ်ဝန်မဆောင်ခင်ကတည်းက ဆီးချိုရှိနေတာ၊ PET ကိုုယ်ဝန်သွေးဆိပ် တက်တာ၊ သွေးတိုးကျဆေးတချို့ကြောင့်လည်းဖြစ်နိုင်တယ်။ PROM ရေမြွှာစောပေါက်မယ်ဆိုရင် နည်းနေတော့မယ်။
ရေမြွှာရည်နည်းနေတာကို ကိုယ်ဝန်ပထမတစ်ဝက်မှာဖြစ်ရင်
၁ - Birth defects မွေးရာပါ ချို့ယွင်းတာတွေ ဖြစ်လာနိုင်တယ်။ Facial distortion, clubfoot, pulmonary hypoplasia နဲ့ amnion nodosum တစ်ခုခုဖြစ်လာစေနိုင်တယ်။ Potter syndrome ကို ခေါ်တာဖြစ်မယ်။
၂ - Miscarriage ကိုယ်ဝန်ပျက်ကျဖို့ stillbirth ခေါ်တဲ့ကလေးအသေမွေးဖို့ အခွင့်အလမ်းပိုများပါတယ်။
ရေမြွှာရည်နည်းတာကို ကိုယ်ဝန်တစ်ဝက်မှာဖြစ်ရင်…..
၁ - Intrauterine Growth Restriction (IUGR) ခေါ်တဲ့ ကလေးဖွံ့ထွားမှု နည်းတာ
၂ - Preterm birth ခေါ် ကလေးစောမွေးတာ
၃ - Cord compression ခေါ် ချက်ကြိုးဖိခံရတာ
၄ - Meconium stained fluid ခေါ်တဲ့ ရေမြွှာရည်နောက်ကျိနေတာနဲ့
၅ - Cesarean delivery ခေါ် ဗိုက်ခွဲမွေးရတာတွေ ကြုံရတတ်ပါတယ်။
ဘယ်လိုကုသမလဲ
- ကိုယ်ဝန်နုသေးရင် စောင့်ကြည့်စစ်ဆေးတာကိုသာ လုပ်မယ်။
- ကိုယ်ဝန် တတိယပတ်ထဲရောက်မှ ဖြစ်တာဆိုရင် ကလေးဖွံ့ထွားမှု နှေးနိုင်တယ်။
- စောစောကတည်းကဆိုရင် မိခင်လောင်းကို ရေဓာတ်၊ ဆားဓာတ် ဖြည့်ပေးမယ်၊ ရေ၊ အရည်များများသောက်စေရမယ်။
- မွေးခါနီးဆိုရင် Amniocentesis လုပ်ပြီး ဓာတ်ဆားရည်သွင်းပေးနိုင်တယ်။
- ကလေးဖွားနေတုန်းမှာဆိုရင် ချက်ကြိုးကို အညှစ်ခံရလို့ ကလေးမှာ အောက်ဆီဂျင် အလုံအလောက်မရဖြစ်မယ်၊ မွေးမွေးချင်း CPR ခေါ်တဲ့ အရေးပေါ်အသက်ကယ်တာမျိုး လုပ်ဖို့ပြင်ထားရမယ်။ ပိုက်ငယ်လေးနဲ့ Amnioinfusion ခေါ်တဲ့ ဆားရည်သွင်းပေးနိုင်တယ်။ စိတ်ချရမှုကို တော့ငြင်းခုံနေဆဲဖြစ်တယ်။
- စောမွေးပေးရတာလည်း ရှိတတ်တယ်။ ဗိုက်ခွဲမွေးရတာမျိုးလည်းဖြစ်တတ်ပါတယ်။
Dr.Oliver
Ref: ဒေါက်တာတင့်ဆွေ
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
