Print

လှိုင်သာယာဆေးရုံ တိုးချဲ့လေးထပ်ဆောင်အသစ်ကို၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း အပြ...

  25-Aug-2018
Preview Image

လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်ခန်းလေးခန်းပါဝင်ပြီး ခုတင် ၂၅၀ ထပ်မံတိုးချဲ့မည့် လေးထပ် အဆောက်အအုံကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းအပြီး ဆောက်လုပ်မည်ဖြစ်ကြောင်း ယင်းဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ပြောသည်။

ယင်းအဆောက်အအုံကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က စတင် တည်ဆောက်ပြီး လက်ရှိတွင် ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ် သည်။ လက်ရှိအထိ အဆိုပါ အဆောက်အအုံအတွက် ကျပ် သန်း ၁,၈၀၀ အသုံးပြုခဲ့ပြီး ကျပ် သန်း ၁,၄၀၀ ခန့် ထပ်မံသုံးစွဲမည် ဖြစ်သည်။

‘‘အခုကတော့ ခုတင် ၂၀၀ ဆံ့ဆေးရုံဆိုပေမယ့် လူနာနဲ့ခုတင် က အချိုးအစားမမျှဘူး။ ကျပ်နေ တယ်။ ဒီအဆောက်အအုံပြီးရင် တော့ လူနာတွေအတွက် ပိုအဆင် ပြေပြီး ဆေးကုသနိုင်ရေးကို ပိုမို ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင် မှာဖြစ်ပါတယ်’’ဟု ဒေါက်တာ ဆန်းလွင်ဦးက ပြောသည်။

အဆိုပါအဆောက်အအုံ တွင် ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ သွေးလှူဘဏ်၊ စီတီစကန်အခန်း၊ အထူးကုပြင်ပ လူနာဌာနတို့အပြင် သားဖွားမီးယပ်လူနာများအတွက် ခုတင် ၈၈ လုံးဆံ့ မွေးလူနာခန်း များ၊ သားဖွားခန်းများ၊ ခွဲစိန်ကုသ လူနာဆောင်၊ ကလေးလူနာ ဆောင်၊ ခွဲစိတ်ခန်းများ၊ အထူး ကြပ်မတ်ကုသခန်းများလည်း ပါဝင်မည်ဖြစ်သည်။

ထို့အပြင် ယင်းဆေးရုံကြီးကို သင်ကြားရေးဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်မည့်ကိစ္စနှင့်ပတ် သက်၍ ၎င်းက ‘‘ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက နှုတ်အား ဖြင့် အမိန့်ရှိထားပြီးဖြစ်သလို မကြာခင်ကာလမှာ ခုတင် ၂၀၀ ဆေးရုံကြီးအသွင်ကို လည်ပတ် လာနိုင်ပြီဆိုရင် သင်ကြားရေး ဆေးရုံအဖြစ်လည်း တွဲဖက်ပြီး အသုံးပြုသွားလိမ့်မယ်လို့ မျှော် မှန်းပါတယ်’’ဟု ပြောသည်။

လှိုင်သာယာ ခုတင် ၂၀၀ ဆံ့ဆေးရုံကြီးသည် ဧရိယာ ၉ ဒသမ ၂ ဧကခန့်ကျယ်ဝန်းပြီး လှိုင်သာယာရှိ ပြည်သူများသာမက ကွမ်းခြံကုန်း၊ တွံတေး၊ ထန်းတပင်၊ ညောင်တုန်း၊ ရွှေပြည်သာစသော အနီးဒေသများမှ အားကိုးအား ထားပြုနေသည့် ဆေးရုံဖြစ်သည်။

ယင်းဆေးရုံကြီးကို ယခင် ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ်မှ ၂၀၁၆ ဇန်နဝါရီကစတင်၍ ခုတင် ၂၀၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ပြီး နေ့စဉ်လူ ၂၅၀ ဦးမှ ၂၈၀ ကြား အတွင်းလူနာအဖြစ် တက်ရောက် ကုသနေသည်။ အထွေထွေ ရောဂါ ပြင်ပလူနာဌာနနှင့် အရေး ပေါ်ဌာနတွင် နေ့စဉ် လူနာဦးရေ ၂၀၀ မှ ၂၅၀ ကြားရှိပြီး အထူးကု ပြင်ပလူနာဌာနတွင် လူနာ ၁၅၀ မှ ၂၅၀ ကြား လာရောက်ပြသလျက်ရှိသည်။

Credit: 7 day news



Related Articles


Advertisment 18