ကင်ဆာ၊ အိပ်ချ်အိုင်ဗွီနဲ့ စိတ်ရောဂါ ဝေဒနာရှင်များအတွက် ဆေးဝါးထုတ်မည်
27-Apr-2017
ကင်ဆာ၊ အိပ်ချ်အိုင်ဗွီနဲ့ စိတ်ရောဂါ ဝေဒနာရှင်တွေအတွက် ဆေးဝါး ထုတ်လုပ်သွားမယ်လို့ စက်မှုဝန်ကြီးဌာနက ပြောပါတယ်။
စက်မှုဝန်ကြီးဌာနအနေနဲ့ ဆေးဝါးအသစ် ၁၂ မျိုးကို စမ်းသပ်ထုတ်လုပ်နေပြီး မြွေပွေး အဆိပ်ဖြေဆေးကိုတော့ အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေး ဦးစီးဌာန (FDA)ရဲ့ ခွင့်ပြုချက်နဲ့ စျေးကွက်အတွင်း ရောင်းချဖြန့်ဖြူးနေပြီဖြစ်ပါတယ်။
ဒါ့အပြင် စမ်းသပ်ထုတ်လုပ်ပြီး ဆေး ၄ မျိုးနဲ့ Stability Test စမ်းသပ်ဆဲ ဆေး ၇ မျိုးကိုလည်း အက်ဖ်ဒီအေရဲ့ ခွင့်ပြုချက် လျှောက်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ဆေးဝါးအသစ် ၁၂ မျိုးထဲမှာ ကင်ဆာဝေဒနာရှင်တွေ နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့ Morphine Sulfate Syrup နဲ့ Morphine Sulfate Tablet တွေကို Stability Test စမ်းသပ်နေပြီးတော့ HIV နဲ့ Hepatitis ‘B’ ရောဂါဝေဒနာရှင်တွေအတွက် Tenofovir (300g) ဆေးဝါးအသစ်ကိုလည်း ထုတ်လုပ်ဖို့ဆောင်ရွက်နေတယ် လို့ စက်မှုဝန်ကြီးဌာနက ပြောပါတယ်။
“ကင်ဆာဝေဒနာရှင်တွေ စိတ်ရောဂါဝေဒနာရှင်တွေအတွက် မော်ဖီး၊ ကလိုကိုဖီး၊ မက်သရင်း၊ ဒိုင်ရာစီပင် တို့ကို ဒီလိုဆေးဝါးမျိုးလေးတွေ ထုတ်လုပ်ဖို့လုပ်နေပါတယ်။ ဒိုင်ရာစီပင် ကတော့ အခြားစိတ်ရောဂါဝေဒနာရှင်တွေအတွက်ပေါ့။ မော်ဖီးကတော့ ပြည်ပကနေ ကုန်ကြမ်း ဝယ်ယူပြီးထုတ်ပါမယ်။ လိုအပ်တဲ့ ဆေးဝါးထုတ်လုပ်ဖို့အတွက် ဘိန်းစိမ်း ၆၅၀၀ ကီလိုဂရမ်ကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းသွားဖို့ရှိပါတယ်”လို့ စက်မှုဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင် က ပြောပါတယ်။
စျေးကွက်အတွင်းမှာရှိတဲ့ BPI တံဆိပ်အတု ဆေးဝါး ၄၄ မျိုး၊ သက်တမ်းလွန်ဆေးဝါး ၉၈ မျိုးနဲ့ သံသယဖြစ်ဖွယ်ဆေးဝါး ၂၁ မျိုးကို ၂၀၁၆ ခုနှစ် စက်တင်ဘာလကတည်းက စတင် အရေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆေးကွက်ထဲက အတုအပကို ကာကွယ်နိုင်ဖို့အတွက် ဆေးပြား ၆၉ မျိုး၊ ဆေးမှုန့် ၁ မျိုးနဲ့ ထိုးဆေး ၆၄ မျိုးကို ထုတ်ပိုးမှုပုံစံပြောင်းလဲပြီးတော့ စျေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချနေတယ်လို့ သိရပါတယ်။
Credit : Dvb News
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
