အရက်စွဲရောဂါ
12-Sep-2019
ရန်ကုန်ဘူတာကြီးအတွင်း၌ လူစည်ကားလျက်ရှိသည်။ ဒဂုံမန်း အမြန်ရထားကြီးထွက်လုနီးပြီဖြစ်၏။ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေသင်္ဂဟများအား လိုက်ပို့သူများ သံဆန်ခါအပြင်ဘက်မှ နှုတ်ဆက်နေကြ၏။ မကြာမီ ရထားဘီးများ စတင်လိမ့်လာ၏။ တဂျုံးဂျုံး၊ တဂျက်ဂျက်အော်ကာ ရထားကြီး စတင်ထွက်ခွာလာ၏။
ဦးဉာဏ်အုန်းသည် လမ်းခရီး၌ ဖတ်ရန် စာအုပ်တစ်အုပ်ကို ယူလာခဲ့သည်။ ရထားထွက်သည်နှင့် ထိုစာအုပ်ကို လှန်လိုက်၏။ စာအုပ်အမည်က ‘သီချင်း တစ်ပုဒ်မဆုံးမီ’ ဖြစ်၏။ ဓာတ်ခွဲခန်း လောကနောက်ခံ လုံးချင်းဝတ္တုဖြစ်၏။
မိမိကျင်လည်ခဲ့သော လောကအကြောင်းဖြစ်၍ ဦးဉာဏ်အုန်း
စိတ်ဝင်စားနေ၏။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ပြည်သူ့ဆေးရုံကို နောက်ခံထား၍ ရေးဖွဲ့ထားသော
ဇာတ်လမ်းဖြစ်သည်။
စာတွင် စိတ်ဝင်စားနေ၍ မိမိရှေ့က ထိုင်ခုံတွင်
ခရီးသည်တစ်ဦး ရောက်နေမှန်း မသိလိုက်ပေ။ ထိုခရီးသည်က စားသောက်တွဲသွားနေ၍ ခုမှ ထိုင်ခုံနေရာသို့
ရောက်ရှိလာ၏။
လေအဝှေ့တွင် ဘီယာနံ့ရလိုက်သဖြင့် ဦးဉာဏ်အုန်း စိတ်အနှောက်အယှက်ဖြစ်သွားသည်။ ဦးဉာဏ်အုန်းက အရက်ဆန့်ကျင်ရေးသမားဖြစ်သည်။ စာဆက်ဖတ်၍ မရတော့သဖြင့် စာအုပ်ပိတ်ကာ ဂတ်ဗိုလ်တွဲသို့ ထွက်ခဲ့သည်။ ဂတ်ဗိုလ်နှင့် တွေ့သောအခါ ဂတ်ဗိုလ်က လက်ဖက်ရည်ဖြင့် ဧည့်ခံသည်။
“ကိုဉာဏ်အုန်း ဒီမှာ လာစီးဗျာ။ ကျွန်တော်ပဲ
ရှိတယ်။ လွတ်လပ်ပါတယ်။ တပည့်တွေက တခြားတွဲတွေသွားလိမ့်မယ်။ ခင်ဗျားနားက ခရီးသည်က အမူးသမားပဲ။
မန္တလေးနဲ့ ရန်ကုန် ကူးချည်သန်းချည်လုပ်နေတာ။ ကျွန်တော်နဲ့ ခဏခဏဆုံတယ်။ ခင်ဗျား ကောင်းကောင်းအိပ်ရမှာ
မဟုတ်ဘူး”
“အေးဗျာ . . . ကိုကျော်သိန်း ကယ်ပေလို့။
အမူးသမားတွေနဲ့ ကျွန်တော် မဖြစ်ဘူး။ တလောက ကျွန်တော် သွေးစစ်ရတဲ့ လူနာတစ်ယောက် ဆုံးသွားတယ်”
“ဘာရောဂါလဲ”
“အသည်းခြောက် ရောဂါဗျ။ အရက်သောက်ပြီး သွေးအန် သေသွားတယ်။ မိသားစု ကျန်ရစ်ခဲ့တယ်။ ကသီလင်တ ဖြစ်တာပေါ့ဗျာ”
“ကျွန်တော့ တပည့် ရထားဝန်ထမ်းတစ်ယောက်လည်း
အဲဒီလိုပဲ။ အရက်စွဲရောဂါရတယ်။ အသည်းခြောက်တယ်။ သွေးအန်ပြီး သေသွားတယ်။ ကျန်ရစ်ခဲ့တဲ့မိသားစုလည်း
ဒုက္ခရောက်တာပေါ့ဗျာ။ ကျွန်တော့်ညီဝမ်းကွဲလည်း အရက်စွဲနေပြီ။ မန္တလေးမှာဗျ။ မန္တလေးရောက်ရင်
ဦးဉာဏ်အုန်းနဲ့ ပြချင်တယ်။ ရောဂါအခြေအနေသိဖို့ သွေးစစ်ရင် ရမလား။”
“ရတာပေါ့။ အသည်းကို လေ့လာရမယ်။ Liver Function Test လို့ခေါ်တဲ့ ဓာတ်ခွဲစမ်းသပ်ချက်တွေ လုပ်ရမယ်။ Serum Bilirubin ရယ် Alkaline Phospatase ရယ်၊ Thymol Turbidity ရယ်၊ Thymol Flocculation ရယ် အဲဒါတွေ လုပ်ရမယ်။”
“ဟုတ်ကဲ့
. . . လုပ်မယ်ဗျာ”
“ပြီးတော့
ဆီးလည်းစစ်ရမယ်။ Urine Urobilinogen စစ်ရမယ်။ အရက်ကြောင့် အသည်းထိခိုက်တာက သုံးဆင့်ရှိတယ်။
ရောဂါနဲ့ ဆေးကုရင် ကုလို့ရပါတယ်။”
“သုံးဆင့်က ဘာတွေလဲ”
“ပထမအဆင့်က အသည်းအဆီဖုံးတာဗျ။ ဒုတိယအဆင့်က
အရက်ကြောင့် အသည်းရောင်တာဗျ။ တတိယအဆင့်က အသည်းခြောက်တာဗျ။ ရောဂါနုတုန်းကုရင် အခြေအနေ
ကောင်းနိုင်ပါတယ်ဗျာ”
“ကျွန်တော့ညီက ရောဂါနုသေးတယ် ထင်တယ် ဦးဉာဏ်အုန်း။
ကူညီပါဦး”
“ရပါတယ်။
မန္တလေးမှာ ကျွန်တော့ဆရာတွေရှိပါတယ်။ ကျွန်တော်က အပေါင်းအသင်းများတယ်။ အသည်းအထူးကုသမားတော်ကြီးရယ်၊
စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးရယ် ကျွန်တော် လိုက်အပ်ပေးမယ်။”
“လုပ်ပါဦးဗျာ။ သူနေကောင်းမှ ဖြစ်မယ်။ သူနေမကောင်းရင် သူ့မိသားစုဒုက္ခရောက်လိမ့်မယ်။ ကလေးတွေက ငယ်သေးတယ်။ ပညာသင်ဖို့ ရှိသေးတယ်။ ဦးဉာဏ်အုန်းက စကားပြောကောင်းတယ်။ တရားဟောဆရာလုပ်ပြီး ကျွန်တော့ညီကို ချွတ်ပေးပါဦးဆရာ။”
“စိတ်ချ
. . . ချွတ်မယ်။ ကျွန်တော်ချွတ်လို့ ကျွတ်သွားတာလည်း အတော်များနေပြီ”
“အေးဗျာ
. . . ကျေးဇူးပါပဲ။ မန္တလေးကျရင် ကျွန်တော့ဆီမှာပဲ တည်းတော့ဗျာ”
“စိတ်ချပါဗျာ
. . . တည်းပါ့မယ်။ ဟုတ်ပြီလား”
Credit :
ပါမောက္ခ ဒေါက်တာအောင်ကြီး
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
