လေဖြတ်ပြီးသူ ၂၀ ရာခိုင်နှုန်း သုံးလအတွင်း နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်
25-Feb-2017
လေဖြတ်ပြီးသူ ၂၀ ရာခိုင်နှုန်း သုံးလအတွင်း နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်
===============================================
လေဖြတ်ပြီးသူ ၂၀ ရာခိုင်နှုန်းခန့်သည် သုံးလအတွင်း နောက်တစ်ကြိမ်လေဖြတ်နိုင်ခြေရှိခြင်းကြောင့်ချက်ချင်း ကာကွယ်သင့်ကြောင်းဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဖြူဖြူလေးက တိုက်တွန်းသည်။
‘‘၂၀ ရာခိုင်နှုန်းက ဒုတိယအကြိမ်ထပ်ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ရှိတဲ့ ရောဂါကိုရှာဖွေပြီးကုသထားရမယ်။ ဖြစ်နိုင်ခြေများတဲ့
အချက်တွေ လိုက်ရှာရမယ်။ ဥပမာ- နှလုံး၊ သွေးတိုး၊ ဆီးချိုဖြစ်တာတွေကုသရမယ်။ အဆီများနေရင် အဆီလျှော့စားရမယ်။ စိတ်ဖိစီးမှုလျှော့ချမယ်။ ပရက်ရှာမှန်မှန် တိုင်းမယ်။ သွေးကျဲနှုန်းကို အမြဲတမ်းထိန်းနေရမယ်။ အဲဒါဆိုရင် နောက်တစ်ကြိမ်
လေဖြတ်နိုင်ခြေနည်းမယ်’’ဟု ၎င်းက ပြောကြားသည်။
အဆိုပါသွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါနှင့် လူနေမှုဘဝပုံစံများကြောင့် လေဖြတ်ပြီးလူနာသည် နောက်တစ်ကြိမ်
လေပြန်ဖြတ်နိုင်ခြေများပြီး ပထမအကြိမ်လေဖြတ်ပြီးသူများ၌ ယင်းရောဂါများရှိပါက ငါးနှစ်အတွင်း သာမန်လေဖြတ်လူနာများထက် ၃၀ ရာခိုင်နှုန်းပိုမိုဖြစ်ပွားနိုင်ကြောင်း သိရသည်။
ထို့ကြောင့် နောက်တစ်ကြိမ် လေဖြတ်ခြင်းမဖြစ်ပေါ်စေရန် စိတ်ဖိစီးမှုလျှော့ချခြင်း၊ ဆီးချို၊ သွေးတိုးရောဂါများ ကြိုတင်ကုသထားခြင်း၊ သွေးပေါင်ချိန်တိုင်းတာမှုနှင့် ဆေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပေးခြင်း၊ လတ်ဆတ်သော အသီးအနှံများ စားသုံးခြင်း၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲမှုတို့မှ ရှောင်ကြဉ်ခြင်းနှင့် တစ်နေ့လျှင် နာရီဝက်ခန့်လမ်းလျှောက်ပေးခြင်းကဲ့သို့ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသက် (၄၀) မှ (၆၅)နှစ် ကြားအရွယ်များ၌ လေဖြတ်ရောဂါပိုမိုဖြစ်ပွားလေ့ရှိပြီး လေဖြတ်ခြင်းသည် မသန်မစွမ်းဖြစ်စေခြင်း၏ ဒုတိယအကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတင်းထုတ်ပြန်ထားသည်။
ကမ္ဘာပေါ်၌ နှစ်စဉ်လူဦးရေ ၁၅ သန်းခန့်သည် လေဖြတ်ရောဂါခံစားနေရပြီး ၎င်းတို့အနက် ခြောက်သန်းမှာ အသက်ဆုံးရှုံးနေရသည်။ မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်က လေဖြတ်ရောဂါဖြစ်ပွားနှုန်းသည် အဆင့် (၅) နေရာတွင်ရှိခဲ့ရာမှ ၂၀၁၀ တွင်မူ အဆင့် (၁) နေရာသို့ မြင့်တက်လာခဲ့သည်ဟု ကမ္ဘာပေါ်ရှိ ရောဂါအခြေအနေများကို စစ်တမ်းကောက်ယူနေသည့် Global Burden Diease (GBD) ၌ ဖော်ပြထားသည်။
Source: 7 days news
( 16.12.2015 )
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

