Print

အဖြစ်အများဆုံး အရိုးပါးရောဂါကို ဘယ်လိုကာကွယ်မလဲ

  24-Feb-2019
Preview Image

အရိုးပါးရောဂါ ဘာကြောင့်ဖြစ်ရတာပါလဲ

          မြန်မာအမျိုးသမီးတွေက အသက် ၅၀ ပတ်ဝန်းကျင်မှာ သွေးဆုံးတယ်။ အမျိုးသမီးတွေရဲ့ ဟော်မုန်း Level ရုတ်တရတ်ကျသွားတာနဲ့အမျှ အရိုးရဲ့ ထုထည်ပါ လိုက်ကျသွားတယ်။ အဲ့ဒီအခါ ပြဿနာက အရိုးပါးရောဂါဆိုတာ ဖြစ်လာတယ်။ အမျိုးသမီးတွေ အသက်ကြီးလာရင် အဓိကဖြစ်တဲ့ အရိုးရောဂါပြဿနာက အရိုးပါးရောဂါပဲ။ အင်္ဂလိပ်လိုတော့ (Osteoporosis) လို့ ခေါ်တယ်။

 

အရိုးပါးရောဂါဆိုတာ ဘာကိုခေါ်တာလဲ

          အရိုးပါးရောဂါဆိုတာက အရိုးထဲမှာရှိတဲ့ ထုထည်ပေါ့။ အရိုးရဲ့ ထုက ကျသွားတယ်။ အရိုးရဲ့ အသေးစိတ်တည်ဆောက်ပုံ (Micro Architectural design) လည်း ယိုယွင်းသွားတဲ့အတွက်ကြောင့် အရိုးက လွယ်လွယ်ကူကူနဲ့ ကျိုးတယ်။ ငယ်ငယ်က အရိုးကျိုးတယ်ဆိုရင် ကြီးကြီးကျယ်ကျယ်ထိမိခိုက်မှု ဖြစ်ရမယ်ပေါ့၊ အသက် ၅၀ ကျော်လို့ အရိုးပါးရှိတဲ့ အမျိုးသမီးတွေမှာကျတော့ မတ်တတ်ရပ်တဲ့ အနေအထားကနေ ခြေချော်သွားခဲ့ရင် အရိုးက အသာလေးကျိုးသွားရော၊ အရိုးကျိုးတာက လူကို အသက်မသေစေပေမယ့်လည်း အရိုးကျိုးလို့ လူတစ်ယောက်က အိပ်ရာထဲလဲနေရင် အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေမှာ တခြားပြဿနာတွေ ဝင်တယ်။ ဘာတွေလဲဆိုတော့ အိပ်ယာထဲမှာ နေရတာများတော့ အိပ်ရာနာတွေ ဖြစ်မယ်၊ အဆုတ်အအေးမိမယ်၊ ဆီးပိုးဝင်မယ်၊ စိတ်ဓာတ်ကျမယ် စသည်ဖြင့်ပေါ့။ အဲ့လို ပြဿနာတွေကြောင့် အသက်အန္တရာယ်က အလိုလို ဖြစ်လာတယ်။ အဲ့ဒါလိုတွေကြောင့် အရိုးပါးရောဂါက အရေးကြီးတာ အလိုလို ဖြစ်လာတယ်။

 

ဘာကြောင့် အဖြစ်များရတာပါလဲ

          တစ်ကမ္ဘာလုံးနဲ့ ယှဉ်လိုက်ရင် ဒီရောဂါ ပိုဖြစ်လာရတဲ့ အကြောင်းအရင်းက လူတွေက အသက်ရှည်လာတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ပျှမ်းမျှအသက် ၇၅ အထက်တောင် ပိုရှည်တာရှိတယ်။ အသက်ကြီးတဲ့အရွယ်တွေ များလာတဲ့အခါကျတော့ အရိုးပါးရောဂါက အဲ့ဒီအသက်အရွယ်မှာ ဖြစ်လို့ ရောဂါဖြစ်တဲ့သူတွေ ပိုများလာတယ်၊ အရိုးပါးရောဂါကြောင့် အရိုးတွေ ပိုပြီး ကျိုးလာရတယ်ဆိုတာတွေ ဖြစ်လာတဲ့ သဘောပါ။ အရိုးပါးရောဂါက လူတိုင်း လူတိုင်းဖြစ်တယ်လို့တော့ မဟုတ်ဘူး၊ အသက်ကြီးလာရင် ဖြစ်ပွားနှုန်းတွေ ပိုများလာတယ်၊ အကြမ်းအားဖြင့်တော့ ပုံမှန်အသက် ၅၀ အမျိုးသမီး သုံးယောက်မှာ တစ်ယောက်ဖြစ်တယ်။ တိုင်းပြည်အနေနဲ့ ကုသမှုစရိတ်တွေ ပိုများလာတဲ့အပိုင်း ဖြစ်လာတယ်။

 

မျိုးရိုးလိုက်တဲ့ အရိုးပါးရောဂါဆိုတာ ဘာလဲ

          မျိုးရိုးလိုက်တယ်ဆိုတာမှာ နှစ်မျိုးရှိတယ်၊ ဖအေမအေမှာရှိတဲ့ မျိုးရိုးဗီဇ (Gene) တွေက သားသမီးတွေဆိုကို ပါလာတာ ဓမ္မတာပဲ။ ရောဂါအတော်များများက မိဘတွေမှာရှိရင် သားသမီးတွေမှာလည်း ရောဂါဖြစ်ဖို့ အခြေအနေ တော်တော်ရှိတယ်။ ဒါပေမဲ့လည်း ၁၀၀ ရာခိုင်နှုန်း မျိုးရိုးဗီဇပါလာရတာလားဆိုတော့လည်း မဟုတ်ဘူး၊ ရောဂါပေါ်မူတည်ပြီး ရာခိုင်နှုန်း အနည်းနဲ့ အများတော့ မတူဘူးဖြစ်သွားတယ်။ နောက်တစ်ခုက လူတစ်ယောက်ရဲ့ ဖြစ်စဉ်က အကြောင်းနှစ်ခုအပေါ် မူတည်တယ်။ တစ်ခုက မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ အကြောင်းတရား၊ နောက်တစ်ခုက ငယ်ငယ်ကစပြီး ပြုစုပျိုးထောင်တဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပါတယ်။ Nature and Nurture လို သဘောမျိုးပဲ မျိုးရိုးဗီဇမှာ ပါလာပေမယ့် ကိုယ့်ရဲ့ နေထိုင်ပုံ စနစ်တကျမှန်ကန်ရင်တော့ ရောဂါဖြစ်နိုင်ခြေနည်းသွားတယ်ပေါ့။

 

Ref : ပါမောက္ခ ဦးနေဝင်း (အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး)

Credit : သဇင်ဖြူဖြူထွေး

February 2017, No.295, AROGYAM. Pg No. 67 - 68 



Related Articles


Advertisment 18