အိပ်ရာစောထလေ့ရှိတဲ့ အမျိုးသမီးတွေဟာ စိတ်ကျရောဂါရနိုင်ခြေ နည်းပါး
20-Nov-2018
ညဘက်အိပ်ရာနောက်ကျပြီး ဝင်ဖြစ်ခဲ့ရင် မနက်စောစောထနိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် လေ့လာချက် အသစ်တစ်ခုအရ မနက်စောစော အိပ်ရာထတတ်တဲ့ အမျိုးသမီးတွေဟာ နောက်ကျမှ အိပ်ရာထတတ်တဲ့ အမျိုးသမီးတွေထက် စိတ်ကျရောဂါဖြစ်နိုင်ခြေ ပိုမိုနည်းပါးကြောင်း သိရှိရပါတယ်။
ကော်လိုရာဒိုဘူလ်ဒါ တက္ကသိုလ်နဲ့ ဘော့စတွန်က အမျိုးသမီးဆေးရုံတစ်ရုံတို့ ပူးပေါင်းပြီး ပျမ်းမျှအသက်(၅၅)နှစ်ရှိတဲ့ သူနာပြုအမျိုးသမီးပေါင်း (၃၂,၀၀၀)ကျော်ကို လေ့လာခဲ့ကြပါတယ်။ လေ့လာချက်မှာ မနက်စောစောထတတ်တဲ့ အမျိုးသမီးတွေဟာ စိတ်ကျရောဂါခံစားရနိုင်ခြေ နည်းပါးကြောင်း တွေ့ရှိရပါတယ်။
လေ့လာချက်အရ အမျိုးသမီးသူနာပြုတွေကို နှစ်သက်ရာ အိပ်စက်ချိန်ပေါ် မူတည်ပြီး အမျိုးအစား(၃)မျိုး ခွဲလိုက်ပါတယ်။ သူနာပြု(၃၇)ရာခိုင်နှုန်းဟာ မနက်စောစောထသူတွေ ဖြစ်ပါတယ်။ (၁၀)ရာခိုင်နှုန်းကတော့ နောက်ကျမှ ထတတ်သူတွေဖြစ်ပြီး (၅၃)ရာခိုင်နှုန်းကတော့ အလယ်အလတ်သမားတွေ ဖြစ်ကြပါတယ်။
သုတေသနသမားတွေ လေ့လာချက်အရ မနက်စောစောထတတ်တဲ့ အမျိုးသမီးတွေဟာ နောက်ကျမှထတတ်တဲ့ အမျိုးသမီးတွေထက် စိတ်ဓာတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေ (၁၂-၂၇)ရာခိုင်နှုန်းထိ လျော့နည်းကြောင်း တွေ့ရှိခဲ့ကြပါတယ်။ နောက်ထပ်ပို စိတ်ဝင်စားစရာကောင်းတာက ညဉ့်နက်မှ အိပ်ရာဝင်၊ နေမြင့်မှ အိပ်ရာထသူတွေဖြစ်ကြတဲ့ ညဇီးကွက်တွေဟာ ဘဝလက်တွဲဖော် ရှာတွေ့နိုင်ခြေနည်းပြီး တစ်ကိုယ်တော်သမားတွေ ဖြစ်တတ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ညဇီးကွက်တွေဟာ အိပ်ချိန်မမှန်တာကြောင့် ဆေးလိပ်သောက်သုံးသူတွေ ဖြစ်နိုင်ခြေရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
စိတ်ကျဝေဒနာဟာ ဆိုးရွားတဲ့အခြေအနေတစ်ခု ဖြစ်ပြီး လျစ်လျူရှုထားလို့ မရပါဘူး။ ဘယ်လိုအသက်အရွယ်မျိုးမှာမဆို စိတ်ကျဝေဒနာ ဝင်ရောက်နိုင်ပါတယ်။ ကိုယ်အလေးချိန်၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားသွားလာမှု၊ နာတာရှည်ရောဂါနဲ့ အိပ်စက်ချိန်ဇယားဟာ စိတ်ကျဝေဒနာဖြစ်ရခြင်းရဲ့ အကြောင်းရင်းအချို့ပါ။ ဒါပေမယ့် စိတ်ကျဝေဒနာကို နေ့စဉ်လူနေမှုဘဝကို ပြောင်းလဲပြစ်တာ၊ ဆေးဝါးမှီဝဲတာ၊ ကျန်းမာရေးဆွေးနွေးမှု ခံယူတာတွေနဲ့ ကုသနိုင်ပါတယ်။
သုတေသနခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာဆေးလင်းဗက်တာကတော့ အမျိုးသမီးတစ်ယောက်ရဲ့ အိပ်စက်ချိန်ဟာ စိတ်ကျဝေဒနာနဲ့ပါ ဆက်စပ်မှုရှိနေကြောင်း ပြောပြခဲ့ပါတယ်။ စိတ်ကျဝေဒနာအတွက် ပတ်ဝန်းကျင်အခြေအနေနဲ့ နေထိုင်မှုပုံစံတွေသာမကပဲ စောစောထပြီး အလင်းရောင်နဲ့ ထိတွေ့မှုရှိ၊ မရှိကိုပါ ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ကြောင်းဆိုခဲ့ပါတယ်။ ဒေါက်တာဗက်တာကတော့ မနက်စောစော ထရုံတင်မဟုတ်ပဲ အိပ်ရေး၀၀အိပ်ဖို့လည်း လိုအပ်သေးကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
လင်းလင်း (Shwe Mom)
Ref: elitereaders
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
