သဝန်တိုစိတ်
25-Feb-2017
ကျွန်တော်တို့ ပုထုဇဉ် လူသားတိုင်းတွင် သဝန်တိုစိတ် ရှိပါတယ်။ သဝန်တိုစိတ်သည် နှစ်သက်မြတ်နိုးခြင်းနှင့် ပိုင်ဆိုင်လိုခြင်းအပေါ်တွင် အခြေခံပါသည်။ အများအားဖြင့်လူပုဂ္ဂိုလ်အပေါ် ပိုင်ဆိုင်လိုခြင်းကြောင့် သဝန်တိုစိတ် ဖြစ်တတ်ပါသည်။
ချစ်သူရည်းစားအပေါ်၊ ဇနီးမယားအပေါ်၊ ခင်ပွန်းလင်သားအပေါ် မိမိတစ်ဦးတည်းသာ ချစ်လိုသည်၊ ပိုင်ဆိုင်လိုသည်၊ သူတစ်ပါး စေ့စေ့ကြည့်တောင် မခံလိုပါ။ ဖြစ်နိုင်လျှင်ရွှေကြုတ်ထဲမှာ ထည့်သွင်းထားချင်တယ်။ အာခံတွင်းမှာ ငုံထားလိုက်ချင်တယ်။ သည်းသည်းလှုပ်ဖြစ်သည် ထင်ချင်လည်း ထင်ကြရော့။ အမြင်ကတ်ကြမည်ဆိုလည်း ခံလိုက်မည်။ သည်မျှ သဝန်တိုတတ်ကြောင်း ရှေးက ပုံဝတ္ထုတွေ ရှိပါသည်။ ယခုခေတ်တွင်
လည်း ထူးမခြားနားပါ။ လူသာမန်တို့ ရှောင်လွှဲရခက်သော စိတ်ပင်ဖြစ်ပါသည်။
သဝန်တိုစိတ်ကြောင့် ချစ်ရာမှ မုန်းသွားကြတတ်၏။ အကွဲအပြဲတွေ ဖြစ်သွားတတ်ကြ၏။ ရုံးရောက်၊ ဂတ်ရောက် အမှုဖြစ်ကြ၊ တရားတပေါင် ရင်ဆိုင်ကြရ၏။ ပြေချိန်တန်မှ မပြေနိုင်သည့် မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးအဖြစ်ကို စူဠသုဘဒ္ဒါက ခံယူသွားခဲ့၏။ ဒီဘဝတွင် မပြီးသဖြင့် နောက်ဘဝများအထိ ဆက်သွားရ၏။
ရှေးခေတ်အဆက်ဆက်မှသည် ယနေ့ထက်တိုင်၊ ယနေ့မှသည် နောက်အနာဂတ် ကာလများစွာသို့တိုင် သက်ရှိသတ္တဝါတို့၏ စိတ်သဏ္ဍာန်တွင် ကိန်းအောင်းနေသည့်စိတ် ဖြစ်ပေတော့သည်။ သာမန် သဝန်တိုစိတ်သည် ညှိယူလျှင် ရတတ်ပါသည်။
နှစ်ဦးနှစ်ဖက် အချိန်ပေး ဆွေးနွေးလျှင် ပြေလည်သွားတတ်ပါသည်။ ပြဿနာ အကြီးအကျယ် မတက်နိုင်ပါ။ ထိုသို့မဟုတ်ဘဲ သဝန်တိုစရာ အခြေအမြစ် ခိုင်ခိုင် လုံလုံမရှိဘဲ တစ်ဖက်သတ် စွပ်စွဲနေခဲ့သော် သဝန်တိုစိတ်သည် သာမန်မှ ဟုတ်သေးရဲ့ လားဟု တွေးစရာဖြစ်လာတော့၏။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဟန်စိန်
(စိတ်ကျန်းမာရေးဆရဝန်ကြီး)
စိတ်သန့်ရှင်းရေးနှင့် စိတ်ကျန်းမာရေးစာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
