Print

တိုက်ဖွိုက်(အူရောင်ငန်းဖျား) ရောဂါအကြောင်း

  09-Jan-2020
Preview Image

 တိုက်ဖွိုက် (Typhoid Fever) က အင်္ဂလိပ်လို Salmonella Typhi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကြောင့် ရောဂါဖြစ်ရပါတယ်။

          တိုက်ဖွိုက်ရောဂါ ဖြစ်စေတဲ့ရောဂါပိုးက အူလမ်းကြောင်းနဲ့ သွေးထဲမှာ အဓိကရှင်သန်ပေါက်ဖွားကြပါတယ်။ Fecal- Oral Route လို့ခေါ်တဲ့ ရောဂါပိုးကူးစက်ခံရထားရတဲ့ အစားအသောက်များ စားသုံးရာမှလည်းကောင်း၊ ရောဂါရှိသူရဲ့ မစင်အညစ်အကြေးတွေ ပါဝင်နေတဲ့ရေကို သေချာစွာမကျိုချက်ဘဲ သောက်သုံးရာမှလည်းကောင်း ကူးစက်ပြန့်ပွားပါတယ်။

ရောဂါလက္ခဏာတွေကတော့ ရောဂါပိုးစတင်ကူးစက်ခံရပြီး ၆ ရက်မှ ရက် ၃၀ အတွင်း လက္ခဏာစပြတတ်ပါတယ်။ ပထမအဆင့် အဖျားငွေ့ငွေ့လေးစဖျားမယ်။ ပြီးရင် အဖျားကြီးမယ်၊ ဝမ်းဗိုက်တွေနာလာမယ်၊ ခေါင်းကိုက်မယ်၊ အားမရှိသလိုဖြစ်လာမယ်။ ဝမ်းလျှောတာတွေ၊ အော့အန်တာတွေ ဖြစ်တတ်ပါတယ်။ အရေပြားပေါ်မှာ အနီကွက်လိုတွေ ဖြစ်လာတတ်ပါတယ်။ ရောဂါအရမ်းဆိုးလာရင် စိတ်ကယောင်ကတမ်းတွေပါ ဖြစ်တတ်ပါတယ်။ လူအချို့မှာကျတော့ ရောဂါလက္ခဏာမပြဘဲ အဲဒီဘက်တီးရီးယားပိုးကို လနဲ့ချီပြီး သယ်ဆောင်ထားပြီး အခြားသူတွေကို ကူးစက်စေတတ်ပြန်ပါတယ်။

          တိုက်ဖွိုက်ရောဂါလို့ သံသယရှိတဲ့လူနာတွေရဲ့ မစင်၊ သွေး ဒါမှမဟုတ် ရိုးတွင်းခြင်ဆီများမှ တိုက်ဖွိုက်ပိုးရှိမရှိရှာဖွေခြင်း (Culture) ဖြင့်လည်းကောင်း သွေးထဲမှာ တိုက်ဖွိုက်ခုခံအားပစ္စည်းရှိ၊ မရှိ စစ်ဆေးခြင်း (Widal Testc Antibodies Test) ဖြင့်လည်းကောင်း ရောဂါအကြောင်း သိရှိနိုင်ပါတယ်။


ရောဂါကို သက်သာစေမယ့်နည်းလမ်းများ

          တိုက်ဖွိုက်ရောဂါရယ်လို့ ဖြစ်လာပြီဆိုရင် ပိုးသတ်ဆေးတွေနဲ့ အဓိကကုသရပါတယ်၊ တခြားရောဂါလက္ခဏာတွေ သက်သာအောင်လည်း ဆေးဝါးတွေနဲ့ ကုသလို့ရပါတယ်။ ရောဂါအရမ်းဆိုးပြီး အူလမ်းကြောင်းပါထိသွားရင်တော့ ခွဲစိတ်ကုသရပါတယ်။


ကာကွယ်ခြင်း

          ကာကွယ်ခြင်းသည် ကုသခြင်းထက် အကောင်းဆုံးဖြစ်ပါတယ်။ အစားအသောက်များကို သန့်ရှင်းစင်ကြယ်စွာ ပြင်ဆင်စားသုံးခြင်း၊ ရေကိုလုံလောက်တဲ့အပူချိန်ရောက်အောင် ကျိုချက်သောက်သုံးခြင်း စသဖြင့် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အဓိကအလေးထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ တိုက်ဖွိုက်အဖြစ်များတဲ့ နေရာဒေသတွေ  သွားရတော့မယ်ဆိုရင်လည်း တစ်ပတ်၊ နှစ်ပတ်လောက်ကြိုတင်ပြီး တိုက်ဖွိုက်ကာကွယ်ဆေး အသုံးပြုခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။

          အဓိက ကတော့ စားမယ့်အစားအသောက်၊ သောက်မယ့်ရေကို ဂရုစိုက်ပြီး သန့်သန့်ရှင်းရင်း စားသောက်ဖို့ပါပဲ။ တစ်ကိုယ်ရေကျန်းမာရေးအနေနဲ့ လက်နဲ့လက်သည်းတွေကို စင်ကြယ်စွာထားရှိတာ၊ ပတ်ဝန်းကျင်သန့်ရှင်းစွာ ထားရှိတာတို့ကို ဆောင်ရွက်သင့်ပါတယ်။ ရောဂါဖြစ်ပွားလာရင်လည်း မပေါ့ဆဘဲ ဆောလျင်စွာ စနစ်တကျကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းသက်သာနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

Credit : ဒေါက်တာလင်းဇော်မျိုး



Related Articles


Advertisment 18