Print

တီဘီအကြောင်း တစေ့တစောင်း

  03-May-2018
Preview Image

တီဘီသည် Mycobacterium Tuberculosis မှအဓိကဖြစ်၍ (အဓိကသာဖြစ်၍ အခြားတီဘီဖြစ်စေသော ဗက်တီးရီးယားများ Mycobacterium Avium intracellulae ကဲ့သို့ရှိသေးသည်)  အနာကြီးရောဂါသည်ကား Mycobacterium leprae (အုပ်စုတူမျိုးကွဲ) မှဖြစ်လာခြင်းဖြစ်သည်။ မျိုးကွဲသလို ရောဂါဖြစ်ပွားပုံခြင်းလည်း ကွာခြားပါသည်။ 


တီဘီဖြစ်စေသော ဗက်တီးရီးယား၏ သဘောသဘောဝကိုက အကြမ်းမတမ်းခံနိုင်ရည်ရှိပြီး ဆေးယဉ်းပါးမှု မြင့်တက်စေသည်။


တီဘီရောဂါ၏ အဓိကပြဿာနာမှာ


၁ - တီဘီရောဂါသေချာပါသလား၊ အခုခေတ်မှာတော့ သေချာရုံတင်သာမက ဆေးယဉ်ပါးလား မယဉ်ပါးတဲ့ တီဘီလားဆိုတာပါ ခွဲခြားရပါသည်။


၂ - သေချာပြီဆိုရင် ဆေးကို ဘယ်လိုတိုက်မလဲ။ ဆေးယဉ်ပါးခြင်းအတွက် သောက်မရမည့်ဆေးများ ကုထုံးများသီးသန့်ရှိပါသေးသည်။


၃ - တီဘီရောဂါ ပျောက်မပျောက် ဘယ်လိုသိနိုင်မလဲ 


အထက်ပါ အချက်အလက်များသည် တီဘီရောဂါကုသခြင်းတွင် ပင်မသုံးရပ်အရေးပါမှုပင်ဖြစ်သည်။ ထို့ကြောင့် တစ်ခုခြင်း ရှင်းပြဖို့ လိုအပ်ပါသည်။


၁ - တီဘီရောဂါ သေချာပါသလား


တီဘီရောဂါသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခံရသော ရောဂါဖြစ်သည်။ အထူးသဖြင့် အဆုတ်တီဘီသည် အဖြစ်အများဆုံးဖြစ်ပြီး အရိုးတီဘီနှင့် ရှားရှားပါးပါးကလီစာများတွင်ဖြစ်သော တီဘီရောဂါများလည်း ရှိပါသေးသည်။ လူနာအနေဖြင့် တီဘီဖြစ်လာပါက ကိုယ်အလေးချိန်သိသိသာသာကျလာခြင်း၊ အစားအသောက်မမှန်တော့ခြင်း၊ ညအိပ်လျှင် ချွေးစေးများပြန်၍ လန့်လန့်နိုးခြင်း၊ ညနေပိုင်း အပူချိန်ငွေ့ငွေ့လေးနှင့် ဖျားခြင်း၊ အရင်ကလောက် အမောမခံနိုင်ခြင်း၊ နှစ်ပတ်နှင့်အထက် ချောင်းဆိုးခြင်းတို့ကို တွေ့ရသည်။


 ထိုသို့ဖြစ်လာလျှင် နီးစပ်ရာ ကျန်းမာရေးဋ္ဌာနသို့ သွားရောက်၍တတ်သိနားလည်သော ဆရာဝန်များနှင့် ပြ၍ကုသသင့်ပါသည်။ သလိပ်စစ်ခြင်း၊ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းတို့အပြင် လိုအပ်ပါက ကူးစက်ခံရသော တီဘီသည် ဆေးယဉ်ပါးဟုတ်မဟုတ် ကိုပါ Gene expert level ဗီဇစစ်ဆေးမှုပါပြုလုပ်ရပါသည်။


၂ - သေချာပြီဆိုရင်ဆေးကို ဘယ်လိုတိုက်ရမလဲ


နိုင်ငံတစ်နိုင်ငံ နှင့် တစ်နိုင်ငံအလိုက် ဆေးများစီစဉ်အသုံးချပုံခြင်းတော့ မတူပါ။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ အဓိကအားဖြင့် လေးမျိုးပေါင်း ဆေးဝါးများ fixed dose combination ကို အသုံးပြုကြပြီး ဆေးယဉ်ပါးမှုအတွက်လည်း သီးသန့်ဆေးဝါးများ ထိုးဆေးနှင့် ကုသကြပါသည်။ တီဘီဆေးဆိုသည်မှာ အချိန်မှန်သောက်ရန်လိုအပ်သည်။


 ဆေးသောက်ပျက်ကွက်ပါက ဆေးယဉ်ပါးတီဘီအဖြစ်သို့ ကူးပြောင်းဖို့ လမ်းစများပါသည်။ မြန်မာပြည်မှာတော့ DOTS (Directly Observe Treatment Shortcourse) တိုက်ရိုက်ကြည့်ရှု အချိန်တိုကုနည်းစနစ်ကို ကျင့်သုံးပါသည်။ ထိုသို့ သောက်နေစဉ်တွင်း အချို့သောလူနာများတွင် မျက်လုံးများဝါလာခြင်း၊ ဗိုက်အောင့်ခြင်းနှင့် စသောလက္ခဏာများပေါ်လာပါက နီးစပ်ရာကျန်းမာရေးဋ္ဌာနဝန်ထမ်းများနှင့် ပြန်လည်ပြသသင့်ပါသည်။


၃ - တီဘီရောဂါ ပျောက်မပျောက် ဘယ်လိုသိမလဲ


ပုံမှန်အားဖြင့် တီဘီဆေးသောက်ပြီး သုံးလကြာလျှင် တစ်ကြိမ် ငါးလလျှင် တစ်ကြိမ် ခြောက်လပြည့်လျှင် တစ်ကြိမ် ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ခြင်းများ ပြုလုပ်ကြပါသည်။ ဆေး course ပြတ်သောအခါ သလိပ်ရှင်းရှင်းလင်းလင်း ပျောက်ကင်းမှသာ တီဘီရောဂါ ပျောက်ကင်းသည်ဟု ယူဆကြပါသည်။ 


ဘာ့ကြောင့် တီဘီရောဂါ ဆေးယဉ်ပါးမှု တိုးပွားလာသလဲ


အဓိကအားဖြင့်သုံးရသည့် ဆေးပမာဏနှင့် သောက်ရသည့်အချိန်ကြာမြင့်မှုတု့ိကြောင့်  ဖြစ်သည်။ ထို့အပြင် တီဘီဆေးပုံမှန် မသောက်ခြင်းများလည်း ပါဝင်သည်။ 


ထို့အပြင် ပဋိဇီဝဆေးများ အကျိုးရှိစွာ အသုံးမချခြင်းများကြောင့်လည်း ပါဝင်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လူတစ်ယောက်ဖျားနာသည့်အခါ ပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားမှုမပါဘဲ ဝယ်ချင်သလို ဝယ်၍ရခြင်းအချို့သော ပိုးသတ်ဆေးများ ဥပမာ Coamoxiclav, Levofloxacin တို့သည် တီဘီ၏ secondline ဆေးဝါးများဖြစ်၍ဆေးဆိုင်များတွင် အလွယ်တကူရခြင်း စပ်ဆေးဝါးများတွင် ထည့်သွင်းလာခြင်းတို့ကြောင့် ဖြစ်သည်။ စပ်ဆေးများသည် တီဘီတစ်မျိုးတည်း သာမကများစွာသော ရောဂါများကိုလည်း ဆေးယဉ်ပါးစေပါသည်။


နိဂုံးချုပ်ရသော် ဆင်းရဲမွဲတေမှုနှင့် ကျန်းမာရေးအသိပညာ ချို့တဲ့မှုများသည်လည်း ကူးစက်ရောဂါများ ပျံ့နှံ့မှုများကို တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေသလို ပင်ဖြစ်သည်။  ယနေ့အချိန်အခါတွင် တိုးတက်သောနိုင်ငံများတွင်တီဘီဖြစ်ပွားနှုန်းသည် စနစ်တကျကိုင်တွယ်ကုသမှုများကြောင့် အတော့်ကို ကျဆင်းခဲ့ပြီး မရှိသလောက်ပင်ဖြစ်နေပြီဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ တီဘီရောဂါတစ္ဆေသည် အိပ်မက်ဆိုးပမာ ခြောက်လှန့်နေဆဲပင်။ 

Dr. Oliver


Credit : ဒေါက်တာကောင်းမြတ်စိုး / Health for ALL / No.129 / October 2017



Related Articles


Advertisment 18