ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါ (Gestational Diabetes)
30-Oct-2016
ကိုယ်ဝန်မဆောင်ခင်နှင့်ကလေးမွေးပြီးနောက်ပိုင်းတွင် ရောဂါကိုမတွေ့ရပဲကိုယ်ဝန်ဆောင်ချိန်၌သာ ဆီးချိုရောဂါကို စမ်းသပ် တွေ့ရှိရသည့် ဆီးချို အမျိုးအစားကို Gestational Diabetes (GD) ဟုခေါ်ပါသည်။ ဆီးချို ရောဂါတွင် သွေးထဲသကြားဓါတ် များခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာတချို့သည် ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများ ခံစားရသော ပုံမှန်လက္ခဏာများနှင့် လွန်စွာ ဆင်တူသောကြောင့် အတိအကျ စမ်းသပ် စစ်ဆေးမှု မပြုလုပ်ပါက ဆီးချို ရောဂါ ရှိမရှိ သိရန် မလွယ်ကူပေ။ စမ်းသပ် စစ်ဆေးခြင်း မပြုလုပ် မိသဖြင့် ဆီးချို ရှိကြောင်းကို မသိလိုက်ရပဲ ကိုယ်ဝန်ဆောင် သက်တမ်းကို ဖြတ်သန်းခဲ့သော် ကလေးနှင့် မိခင်အတွက်နောက်ဆက်တွဲ ရေရှည် ဆီးချို ပြဿနာများဖြစ်လာနိုင်ပေသည််။ ဆီးချိုနှင့် ပုံမှန် ကိုယ်ဝန်ဆောင်ချိန်တွင် အမျိုးသမီးများ ခံစားရသည့် လက္ခဏာတချို့ ဆင်တူ သော်လည်း ဖြစ်ရသည့် အကြောင်းအရင်းမှာ လုံးဝ ခြားနားပြီး ကုသမှု မှာလည်း လုံးဝ မတူ သည်ကို ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း နားလည် ထားသင့်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန် ဆီးချို ဖြစ်နိုင်ခြေ ရှိသည်ဟု သတ်မှတ် ခံရနိုင်သည့် အမျိုးသမီးတိုင်း ဆီးချို ရှိမရှိကို မဖြစ်မနေ စမ်းသပ် စစ်ဆေးသင့်ပြီး ရောဂါ ရှိကြောင်း စမ်းသပ် တွေ့ရှိပါက သင့်တော်သော ကာကွယ် ကုသမှုများကို ဆောင်ရွက် သင့်ပါသည်။
Diabetes
ဆီးချိုရောဂါသည် ပန်ကရိယမှ ထုတ်လုပ်သော အင်ဆူလင် ဟော်မုန်းကိုဆဲလ်မှ ရရှိမှုမညီမျှခြင်း သို့မဟုတ် ထိရောက်စွာ အသုံး မပြုနိုင်ခြင်း တို့ကြောင့် သွေးထဲ၌ သကြားဓါတ် လွန်ကဲခြင်း ( Hyperglycaemia) ဖြစ်သည်ဟု ယခင် တင်ပြခဲ့သော Diabetes Mellitus နှင့် အင်ဆူလင် ဟော်မုန်း ဆက်နွယ်မှုနှင့် Diabetes Management and Complications နှစ်ခုတွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ဆီးချို ရောဂါတွင် Type 1 နှင့် Type 2 နှစ်မျိုးရှိရာ ကိုယ်ဝန် ဆောင်ချိန်၌ ဖြစ်သော ဆီးချိုရောဂါသည် အများအားဖြင့် အဝလွန်ခြင်းနှင့် တွဲလေ့ရှိသည့် Type 2 မှာ ၉၈% ဖြစ်ပြီး Type 1 မှာ ၂% ဖြစ်ပါသည်။
Risk Factors of Gestational Diabetes ဖြစ်နိုင်ခြေရှိသည့် အချက်များ
ကျန်းမာရေးဆိုင်ရာ စနစ်တကျ သုတေသနပြု မှတ်တမ်း တင်ထားသည့် နိုင်ငံများ၏ လက်ရှိ စာရင်းဇယားများ အရ ကိုယ်ဝန်ဆောင်ချိန်၌ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ရှိသည်ဟု သတ်မှတ်ထားခြင်း ခံထားရသည့် အမျိုးသမီး အတော်များများတွင် ဆီးချိုရောဂါလက္ခဏာကို စမ်းသပ် တွေ့ရှိ နေရသည့်နှုန်းမှာ ယခင်ကထက်ပိုမို များပြားလျက်ရှိပါသည်။ ကိုယ်ဝန်ဆောင်ချိန်၌ ဆီးချိုရောဂါ ဖြစ်စေနိုင်သောအခြေအနေ တချို့မှာ
(၁)အသက်၃၅နှစ်ကျော်မှကလေးယူခြင်း၊
(၂)မိသားစုအတွင်း၌ဆီးချိုရောဂါရှိခြင်း၊
(၃)သန္ဓေသားပုံမှန်ထက်ကြီးထွားသည့်ကလေးကိုယခင်ကိုယ်ဝန်များ၌မွေးဖူးခြင်း၊
(၄) ကိုယ်ဝန်ဆောင်စဉ်အဝလွန်ခြင်း (BMI >27 in Asian & BMI >30 in Caucasian and others)စသည်တို့ဖြစ်ပါသည်။
ထို့အပြင်သြစတြေးလျနိုင်ငံတွင်နောက်ဆုံးလေ့လာတွေ့ရှိထားချက်အရ
ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀-၁၅% မှာ Gestational Diabetes ကိုစမ်းသပ်တွေ့ရှိရပြီး အာရှ၊ အိန္ဒိယ၊ ပစိဖိတ်ကျွန်းနှင့် သြစတြေးလျားဌာနေတိုင်းရင်းသားအမျိုးသမီးများတွင် ဥရောပလူဖြူမျိုးနွယ် ကော့ကေးရှန်များထက်ရောဂါရရှိသည့် ရာခိုင်နှုန်းပိုများ သည်ဟုသိရပါသည်။ ထို့ကြောင့်အထက်ပါ လေ့လာထားချက်အရ အာရှနွယ်မြန်မာ အမျိုးသမီးများသည်လည်း ကိုယ်ဝန်ဆောင်စဉ်ဆီးချို ဖြစ်နိုင်ခြေများသည့် စာရင်းထဲပါနေသဖြင့် ကိုယ်ဝန်ဆောင်စဉ်အထက်ဖေါ်ပြပါအခြေအနေထဲမှ အနည်းဆုံးတစ်ခုနှင့်တိုက်ဆိုင်နေပါက ဆီးချိုရောဂါရှိမရှိကိုမိသားစုဆရာဝန်နှင့် တိုင်ပင်၍မဖြစ်မနေ စစ်ဆေးသင့်ပါသည်။ Type-1-ဖြစ်ပွားနှုန်းနည်းသော်လည်း လုံးဝမဖြစ်နိုင်သည့် အခြေအနေ မဟုတ်သဖြင့်ကိုယ်ဝန်ဆောင်စဉ်ပိန်လွန်းသော အမျိုးသမီးများအားလည်း၊ Type-1 ဆီးချိုရှိမရှိစစ်ဆေး သင့်ပါသည်။
Gestation(ကိုယ်ဝန်ဆောင်ခြင်း)
ကိုယ်ဝန်ဆောင်ခြင်းသည် မမျိုးဥနှင့် ဖိုသုတ်ကောင်တို့ပေါင်းစပ်ခြင်းဖြင့် Zygote ခေါ်သန္ဓေသားလောင်းကိုဖြစ်ပေါ်စေပြီး မိခင်၏သားအိမ်၌သန္ဓေသားကြီး ထွားစေသည့် ကိုးလကျော်ကာလဖြစ်ပါသည်။ ထိုကာလ၌ခန္ဓာကိုယ်အတွင်း ရှိဟော်မုန်းအပြောင်းအလဲနှင့် သန္ဓေသားကြီးထွားမှုတို့ကြောင့် ခန္ဓာကိုယ်အင်္ဂါအဖွဲ့စည်း အသီးသီးရှိအလုပ်လုပ်မှု စနစတချို့ကိုပြောင်းလဲစေပြီး ပုံမှန်မဟုတ်သည့် လက္ခဏာများကို ကိုယ်ဝန်ဆောင်အမျိုးသမီးများခံစားရလေ့ရှိပါသည်။ အစာခြေအင်္ဂါအဖွဲ့အစည်း (GIT) တွင်gonadalဟော်မုန်းမြင့်တက်ခြင်းကြောင့် အစာခြေမှုစနစ်ကိုထိခိုက်ပြီးခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း ကိုဖြစ်စေပါသည်။ ဆီးစွန့်အင်္ဂါအဖွဲ့အစည်းတွင် သားအိမ်မှ ဆီးအိတ်အားဖိထားသောကြောင့်လည်းကောင်း၊ ကျောက်ကပ်၏ အရည်စစ်ထုတ်နှုန်း (Glomerular filtration rate) မြင့်မားလာခြင်းကြောင့်လည်းကောင်း ဆီးများများသွားခြင်းနှင့် မကြာခဏသွားခြင်းကို ဖြစ်ပေါ်စေပါသည်။ အသက်ရှူအင်္ဂါ အဖွဲ့အစည်းတွင် အသက်ရှူနှုန်းမြန်လာခြင်းကြောင့် အဆုပ်၏ပုံမှန်လေဝင်လေထွက်နိုင် သည့် အကျယ်အဝန်း (Tidal Volume) များလာပြီး ချွဲသလိပ်များအထွက်များလာသည်။
နှလုံးသွေးကြောအဖွဲ့အစည်းတွင် သွေးအထုတည်များလာခြင်းနှင့် နှလုံးမှသွေး လွှတ်ကြောသို့ ထုတ်သည့်အား (Cardiac Output) များခြင်းတို့ကြောင့်သွေးဖိအားများ လာစေပြီးနှလုံးသို့ပြန်လာသော သွေးပြန်ကြော၏ သွေးစီးမှုနှေးကွေးလာသောကြောင့် ခန္ဓာကိုယ်အောက်ပိုင်း အထူးသဖြင့်ခြေသားလုံး တဝိုက်တွင်သွေးပြန်ကြောများ ထုံးပြီးသွေးပြန်ကြောပိတ်ဆို့ခြင်းများဖြစ်နိုင်ပေသည်။ကိုယ်ဝန်ဆောင်စဉ်အမျိုးသမီးများ ခံစားရသည့်လက္ခဏာတချို့သည်် ဆီးချိုရောဂါတွင်လည်းတွေ့ရပြီး မူးဝေခြင်း ပျို့အန်ခြင်း၊ ဆီးမကြာခဏသွားခြင်းနှင့် သွေးဖိအားများခြင်း စသည့်လက္ခဏာများသည် သာမာန် ကိုယ်ဝန်ဆောင်များအတွက်ပုံမှန်ဖြစ်၍စိုးရိမ်ဖွယ်ရာမရှိသော်လည်း အကယ်၍ဆီးချို (Gestational Diabetes) ကြောင့်ဖြစ်ပါက အထူးစိုးရိမ်ရပြီးသွေးထဲရှိသကြားဓါတ်ကို ပုံမှန်ဖြစ်အောင်ချက်ချင်း ထိန်းညှိပေးရန်လိုအပ်ပါသည်။
Complications of Gestational Diabetes ဖြစ်လာနိုင်မည့့် ပြဿနာများ
ကိုယ်ဝန်ဆောင်စဉ် ဆီးချို ရရှိထားပါက ကလေးနှင့်မိခင်နှစ်ဦးစလုံးအတွက်နောက်ဆက်တွဲ ပြဿနာများရှိသဖြင့်ပြဿနာ ကိုမကြီးထွားလာစေရန်ကာကွယ်ကုသရပေမည်။ သာမာန်အားဖြင့် ကိုယ်ဝန်ဆောင်စဉ်ဆီးချိုရရှိသောအမျိုးသမီးများသည်တစ်နှစ်မှ ၁၀နှစ်အတွင်းတွင် Type 2 နာတာရှည် ဆီးချိုရောဂါကိုရရှိသွားနိုင်ပါသည်။ ရေတိုကာလတွင်လည်းကိုယ်ဝန်ဆောင် စဉ်သွေးထဲ သကြားဓါတ်ကိုကောင်းစွာမထိန်းချုပ်နိုင်ပါက မွေးဖွားသည့်အချိန်တွင် ကလေးခန္ဓာကိုယ် ကြီးမားခြင်း။ ကလေးသေနှုန်းနှင်ပုံမှန်မဟုတ်ပဲမွေးဖွားရသည့်နှုန်းတက်လာခြင်းစသည့် အခြေအနေများကိုရင်ဆိုင် ရနိုင်ပါသည်။ ရေရှည်တွင်လည်းမွေးဖွားလာသောကလေးအားသတိကြီးစွာမစောင့်ရှောက်ပါက ကလေးဘဝတလျှောက်တွင် အဝလွန်၍ ၁၀ ကျော်သက်အရွယ်တွင် ကလေးမှာဆီးချိုရောဂါရရှိနိုင်ပါသည်။ မိခင်အတွက်လည်း ကလေးမွေးပြီး နှစ်အနည်းငယ် အတွင်းနာတာရှည်ဆီးချိုရရှိနိုင်ပါသည်။ အကယ်၍ ဆီးချိုကို ကောင်းစွာထိန်းချုပ်နိုင်ပြီး ကလေးမွေးပြီး ကာလတွင်လည်း ဘဝလူနေမှုပုံစံ ပြောင်းကာ အာဟာရ၊ လေ့ကျင့်ခန်းနှင့် ကိုယ်အလေးချိန်ကို ထိန်းနိုင်ပါက မိခင်တွင် ရောဂါရရှိခြင်းမှ ၅၈% လျှော့သွားနိုင်ပါသည််။
Diet and Exercise အဟာရနှင့် လေ့ကျင့်ခန်း
ကိုယ်ဝန်ဆောင်မိခင်သည် အစာအဟာရ လုံလောက်စွာ စားသုံးရန်လိုပါသည်။ Glycaemic လျှော့နည်းသည့် ကာဗွန် ဟိုက်ဒရိတ်ကို အကန့်အသတ်ဖြင့် မနက်၊ နေ့လည်၊ ညနေစာအပြင် အစာစားသည့် အကြိမ်တိုင်းတွင် အနည်းငယ်စီ ပါ၀င်အောင် ထည့်စားရန် လိုပါသည်။ အင်ဆူလင် ထိုးဆေး အသုံးပြုရန် လိုအပ်မှု လျှော့နည်းစေရန် ကာဗွန်ဟိုက်ဒရိတ် စားသုံးသည့် ပမာဏကို ခန္ဓာကိုယ် အတွက် လိုအပ်သည့် စုစုပေါင်း ကယ်လိုရီ၏ ၄၀% အထိသာ ကန့်သတ် စားသုံးသင့်သည်။ မနက်ပိုင်းတွင် အင်ဆူလင် ခံနိုင်ရည်ရှိမှု ပိုများ သောကြောင့် မနက်စာတွင် ကာဗွန်ဟိုက်ဒရိတ်ကို အနည်းငယ်သာ စားသုံးသင့်ပါသည်။ သွေးထဲ သကြားဓါတ် မြင့်တက်လာမှုကို လျှော့နည်း စေရန် ကိုယ်ဝန်ဆောင်ချိန်၌ တနေ့ လျှင် မိနှစ် ၃၀ ခန့် နေ့စဉ် ပုံမှန် သင့်တင့်သော လေ့ကျင့်ခန်း တခုခုကို လုပ်သင့်ပါသည်။
Follow up Programmes နောက်ဆက်တွဲ လုပ်ဆောင်ရန်လိုသည့့် အချက်များ
GD ဖြစ်ခဲ့သော အမျိုးသမီးများသည် ကလေးမွေးပြီး ၂-၄ လအတွင်း Glucose Tolerance Test ဟု ခေါ်သော ဆီးချို စစ်ဆေးမှုကို ပြုလုပ် သင့်ပါသည်။ ဆီးချို မတွေ့ရှိပါက ဆက်လက်၍ နှစ်စဉ် သို့မဟုတ် နှစ်နှစ် တကြိမ် အမြဲ စစ်ဆေး သင့်ပါသည်။ GD ရရှိဖူးသည့် အမျိုးသမီးတိုင်း သက်ဆိုင်သည့် ကျန်းမာရေး ပညာရှင်များနှင့် တိုင်ပင် ညှိနှိုင်းကာ ဘဝလူနေမှု ပုံစံကို ပြောင်း၍ အဟာရ၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန် ထိန်းချုုပ်ခြင်း နှင့် မိသားစု စီမံကိန်းတို့ကို စနစ်တကျ စီစဉ်ပြီး လိုက်နာ ဆောင်ရွက် သွားရမည်။
Ref:
public health in Myanmar
Friday, July 25, 2008
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
